BEC-TERO TV

Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံသည့်ရက်မှစ၍ ၂၁ ရက်မှ ၂၈ ရက်ကြား ဒုတိယအကြိမ်ထိုးနှံရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြံပြု

07 Jan 2021     1,383 Views


လက်ရှိ ကမ္ဘာ့နိုင်ငံအများအပြားတွင် အသုံးပြုမှုအများဆုံး Pfizer ကာကွယ် ဆေးကို စတင်ထိုးနှံသည့်ရက်မှစ၍ ၂၁ ရက်မှ ၂၈ ရက်အတွင်း ဒုတိယအကြိမ် ထိုးနှံခြင်းက ဆေး၏ အာနိသင်ကို အပြည့်အဝရရှိနိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မကြာ သေးမီကပင် Pfizer ကာကွယ်ဆေးကို အတည်ပြုခဲ့ပြီးနောက် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရမည့်ကာလ ကိုလည်း ဆက်လက်အကြံပြုခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ဘက်က ပေးမယ့် နောက်ထပ်အကြံပြုချက် တစ်ခုကတော့ Pfizer ဆေး ဒုတိယ အကြိမ် ထိုးနှံမှုကို ၂၁ ရက်မှ ၂၈ ရက် အတွင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျွမ်းကျင် ပညာရှင်များ အကြံပေးအဖွဲ့ (SAGE) ဥက္ကဋ္ဌ ခရာဗီတိုက ဆိုခဲ့သည်။

ကမ္ဘာတစ်ဝန်း ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် နေ့စဉ်ကူးစက်မှုနှုန်း နှင့် သေဆုံးမှုနှုန်းများ မြင့်တက်လျက် ရှိခြင်းကြောင့် ကာကွယ်ဆေး ထိုးနှံ ပေးနိုင်မှုအရေအတွက် ပိုမိုလိုအပ် လာချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယင်းကဲ့သို့ အကြံပြုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် နိုင်ငံအလိုက် ကူးစက်မှု နှုန်းအပေါ်အခြေခံ၍ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပေးမှု ကြားကာလအချိန်ကို လိုအပ်သလို အလျှော့အတင်း လုပ်နိုင်ကြောင်း ခရာဗီတိုက ဆိုသည်။

၎င်းက “အချို့နိုင်ငံတွေမှာတော့ ရောဂါ ကူးစက်မှုနှုန်းက အလွန်များနေတဲ့ အတွက် လူများများကို ကာကွယ်ဆေး ဖြန့်ထိုးထားပေးလို့ရအောင် ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးမှုကို ရက်သတ္တပတ်အနည်းငယ် ရွှေ့ဆိုင်း ထားတာမျိုး၊ အနေအထားပေါ် မူတည်ပြီး ဆောင်ရွက်ကြရတာမျိုး လည်း ရှိနိုင်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကိုးကား- အမ်အက်စ်အမ်၊

ဘာသာပြန်- မေလဲ့သင်း The Mirror


07 Jan 2021     1,383 Views




RELATED

Most Popular of International News

Most Popular of NEWS