BEC-TERO TV

မူဆယ်မြို့၌ ပိတ်မိနေသည့် ကျွဲ၊ နွားများအား ပြည်တွင်းသို့ ပြန်လည်သယ်ဆောင်ခွင့်ပြု

08 Jan 2021     1,574 Views


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နွားကွင်း၌ ပိတ်မိနေသည့် ကျွဲ၊ နွားတချို့ကို ပြည်တွင်းသို့ ပြန်လည် သယ်ဆောင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မူဆယ်မြို့ ၁၀၅ မိုင် နယ်စပ်ဒေသကုန်သွယ်ရေးဇုန်မှ သိရသည်။ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားနှင့် ဆိတ်အရှင်တို့ကို မြန်မာနိုင်ငံဘက်မှ ကျန်းမာရေး ထောက်ခံချက်နှင့်အညီ တင်ပို့လျက် ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ ဝယ်ယူမှုရပ်တန့်ခဲ့ပြီး နယ်စပ်ဒေသ၊ နွားကွင်း၌ သောင်တင်ပိတ်မိနေစဉ် ကျွေး၊ မွေးစောင့်ရှောက်စရိတ်များ အကုန်အကျ များပြားသည့်အတွက် ပြည်တွင်းဘက်သို့ ပြန်လည်သယ်ဆောင်နိုင်ရန်အတွက် ကျွဲ၊ နွားကုန်သည်များက တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်။

“ကျွဲ၊ နွားတွေ ရက်ကြာသောင်တင်နေတဲ့အခါ တချို့ကုန်သည်တွေက မူဆယ်ဒေသမှာ ကျွဲ၊ နွားတွေရဲ့ ကျွေးမွေးစရိတ် အကုန်အကျ များပြားတဲ့အတွက် ပြည်တွင်းဘက်ကို ပြန်လည်သယ်ဆောင်ချင်ကြောင်း တင်ပြ လာတာတွေရှိပါတယ်။ တင်ပြလာတာနဲ့ ပတ်သက်ပြီး နေပြည်တော်ရုံးချုပ်အထိ တင်ပြပြီး ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းခွင့်ပြုချက်ရတဲ့အတွက် တင်ပြလာတဲ့ထဲက ကုမ္ပဏီ ငါးခု၊ ကျွဲ၊ နွားကောင်ရေ ၄၀၀ ခန့်ကို ပြည်တွင်းဘက် ပြန်သယ်ပြီးပါပြီ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ စစ်ဆေးချက်အရ အမှန်တင်ပို့ထားတဲ့ အထောက်အထားတွေအရ ကျွန်တော်တို့က ပြန်ပြီးတော့ ပြန်လည်သယ်ဆောင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်”လို့ မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် တာဝန်ခံ (ညွှန်ကြားရေးမှူး) ဦးမင်းအောင်အေးက ပြောပြသည်။

ပြည်တွင်းဘက်သို့ ပြန်လည်သယ်ခွင့် ရရှိနိုင်ရန် ကျွဲ၊ နွားကုမ္ပဏီ ၄၂ ခု တင်ပြထားသည့်အနက် ကုမ္ပဏီ ငါးခုမှ ကျွဲ၊ နွားတချို့ကိုသာ ပြည်လည်သယ်ဆောင်ခွင့် ပြုထားပြီး မူဆယ်မြို့၊ နွားကွင်း၌ ကျွဲ၊ နွား တစ်သောင်းကျော် ဆက်လက် သောင်တင်နေဆဲဖြစ်ကြောင်း ကျွဲ၊ နွားကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။ “တရုတ်နိုင်ငံဘက်က အဝယ်ရပ်တန့်နေတဲ့အတွက် မူဆယ်မြို့၊ နယ်စပ်ဒေသမှာ သောင်တင်နေတဲ့ ကျွဲ၊ နွား အရှင်တွေကို ပြည်တွင်းဘက်ကို ပြန်သယ်ဆောင်ပြီးပါပြီ၊ လက်ရှိမှာလည်း ကျန်တဲ့ကုမ္ပဏီတွေ ပြန်သယ်ဆောင် နိုင်ရန် ဆက်လက်ခွင့်ပြုနေတယ်လို့ သိရပါတယ်”ဟု ကျွဲ၊ နွားကုန်သည် ဦးအောင်ကိုလတ်က ပြောပြသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ကျွဲ၊နွားတင်ပို့မှုကို ၂၀၂၁ ဇန်နဝါရီလမှစတင်ကာ နှစ်နိုင်ငံပို့ကုန်/သွင်းကုန်အဖြစ် တရားဝင် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်ထားသော်လည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွာနာ၊ လျှာနာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့်အတွက် ဇန်နဝါရီလ ကုန်ပိုင်းလောက်မှသာလျှင် တရားဝင်တင်ပို့နိုင်ရန် မျှော်လင့်ကြောင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံ (ညွှန်ကြားရေးမှူး)က သုံးသပ်ပြောပြသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


08 Jan 2021     1,574 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS