BEC-TERO TV

သမ္မတ Donald Trump ကို အမေရိကန်အောက်လွှတ်တော်က တရားစွဲဆိုလိုက်ပြီ

14 Jan 2021     1,366 Views


သမ္မတ ဒေါ်နယ် ထရမ့်ကို အမေရိကန် အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လူ့အသက် သေဆုံးရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ လွှတ်တော် အဆောက်အအုံကို ဝင်ရောက် စီးနင်းမှု ဖြစ်ရပ်မှာ သမ္မတ ထရမ့်က သူ့ကို ထောက်ခံသူတွေကို လှုံ့ဆော်အားပေးခဲ့တယ်ဆိုတဲ့ အချက်ကို ထောက်ပြပြီး အောက်လွှတ်တော်က အခုလို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

လေးနှစ်တာ သမ္မတ သက်တမ်း ကုန်ဆုံးဖို့ တစ်ပတ်တိတိ အလိုမှာပဲ သမ္မတ ထရမ့်ကို အောက်လွှတ်တော်က ၂၃၂ မဲ ၁၉၇ မဲနဲ့ တရားစွဲဆို လိုက်တာပါ။ တရားစွဲတာကို ထောက်ခံမဲပေးတဲ့ ဒီမိုကရက်အမတ် အများစု အပြင် သမ္မတ ထရမ့်ရဲ့ ရစ်ပတ်ဘလင်ကန် ပါတီက အမတ် ၁၀ ဦးလည်း ထောက်ခံမဲ ပေးခဲ့ပါတယ်။

မဲမပေးဘဲနေတဲ့ အမတ် ၄ ဦး ရှိပါတယ်။ အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်က အမေရိကန် နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကို သက်တမ်း ၂၄၅ နှစ် ရှိပြီဖြစ် တဲ့ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ နှစ်ကြိမ်နှစ်ခါ တရားစွဲဆိုခံရတဲ့ တစ်ဦးတည်းသော သမ္မတ ဖြစ်လာစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က သူ့ကို တရားစွဲခဲ့တုန်းကတော့ ဆီးနိတ် အထက်လွှတ်တော်က အပြစ်ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ အခုတကြိမ်မှာလည်း သူ့ကို တရားစွဲဆိုထားတဲ့အမှုကို အထက်လွှတ်တော်က ဆက်လက် ကြားနာ စစ်ဆေးနေတာကို သမ္မတထရမ့် ရင်ဆိုင်ရဖို့ ရှိနေပြီဖြစ်ပါတယ်။ ရွေး ကောက်ခံ သမ္မတ Joe Biden လာမယ့် ဗုဒ္ဓဟူးနေ့ ကျမ်း သစ္စာ ကျိန်ဆိုအပြီးမှာ အထက်လွှတ်တော်မှာ ဆက်လက် ကြားနာ စစ်ဆေးမယ့် အခြေ အနေ ရှိနေတာပါ။

သမ္မတကို တရားစွဲဆိုထားတဲ့ကိစ္စကို ဒီမိုကရက်နဲ့ ရစ်ပတ်ဘလင်ကန် အမတ် ၅၀ စီနဲ့ နှစ်ပိုင်း ကွဲနေတဲ့ ဆီးနိတ် အထက်လွှတ်တော်မှာ မဲပေး ဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၃ ပုံ ၂ ပုံ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ ထောက်ခံမဲ ရပြီးတဲ့အခါမှာတော့ အနာဂတ်ကာလမှာ သမ္မတ ထရမ့် အစိုးရ ရာထူး မရယူနိုင်ရေး တားမြစ်တဲ့ ဆုံးဖြတ်ချက်ကို ရိုးရိုး မဲအသာနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ အမေရိကန် ဒီမိုကရေစီစနစ်ရဲ့ မော်ကွန်းအမှတ်အသားဖြစ်တဲ့ အမေရိကန် လွှတ်တော် အဆောက်အဦးကို ဆန္ဒပြ ဆူပူသူတွေ ဝင်ရောက် စီးနင်းပြီး တစ်ပတ် တိတိ အကြာမှာ အောက်လွှတ်တော်က အခုလို သမ္မတထရမ့်ကို တရားစွဲဆိုလိုက်တာပါ။

အဲဒီ အချိန်က Joe Biden က သမ္မတ ထရမ့်ကို နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုတာကို ကွန်ဂရက်လွှတ်တော် တစ်ရပ်လုံးက အတည်ပြုပေးဖို့ ဆွေးနွေးနေ ချိန်လည်း ဖြစ်ပါတယ်။ လူ ၅ ဦး သေဆုံးခဲ့ရတဲ့ လွှတ်တော်စီးနင်းမှု ဖြစ်ပွား ပြီးပြီးချင်းနဲ့ အင်္ဂါနေ့က အထိ သမ္မတ ထရမ့်က စိတ်မကောင်း ဝမ်းနည်းကြောင်း ထုတ် ဖော်ပြောဆိုခြင်း မရှိခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ပြည်သူတွေ အကြမ်းဖက်မဖက်ဖို့၊ ဥပဒေ မချိုးဖောက်ဖို့နဲ့ ဖျက်လို ဖျက်ဆီး မလုပ်ဖို့ တိုက် တွန်းတဲ့ ကြေညာချက်တစ်စောင်ကို သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

လွှတ်တော်ထဲ ဝင်ရောက် စီးနင်းမှုနဲ့ ဆက်နွယ်ပြီး လူဒါဇင်နဲ့ချီ ဖမ်းဆီးခံရပြီးဖြစ်ပါတယ်။ နောက်ထပ် စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေ တယ်လို့လည်း ပြည်ထောင်စု ဗဟို အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။

Source : VOA


14 Jan 2021     1,366 Views




RELATED

Most Popular of International News

Most Popular of NEWS