ထရမ့် ကုမ္ပဏီနဲ့ လုပ်ထားတဲ့ စီးပွားရေးစာချုပ်အားလုံးကို ရပ်ဆိုင်းမည်
14 Jan 2021 2,198 Views

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်လွှတ်တော်မှာ ပုန်ကန်အုံကြွမှုဖြစ်ပြီးတဲ့နောက် သမ္မတထရမ့်ရဲ့ကုမ္ပဏီနဲ့ နယူးယောက်မြို့တော်အကြား ပြုလုပ်ထားတဲ့ စီးပွားရေးဆိုင်ရာ သဘောတူချက် အားလုံးကို ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ မြို့တော်ဝန် Bill de Blasio က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
“ထရမ့်အဖွဲ့အစည်းနဲ့ နယူးယောက်မြို့အကြားပြုလုပ်ထားတဲ့ စာချုပ်အားလုံးကို ရပ်ဆိုင်း ကြောင်း ဒီနေရာကနေ ကျနော်ကြေညာပါတယ်'' လို့ de Blasio က မီဒီယာ အင်တာဗျုး တခုမှာပြောသွားပါတယ်။ ထရမ့်အဖွဲ့အစည်းဟာ နယူးယောက်မှာရှိတဲ့ ရေခဲပြင် စကိတ်စီးကွင်း နှစ်ခု၊ Central Park ရှိ ခရီးသည်ပစ္စည်းတင်တဲ့နေရာ၊ Bronx မှာရှိတဲ့ ဂေါက်ကွင်းတွေကနေ တနှစ်ကို အမြတ်ငွေ ဒေါ်လာ ၁၇ သန်းရရှိနေတယ်လို့ မြို့တော်ဝန်ကပြောပါတယ်။
ဥပဒေကြောင်းအရ ကုမ္ပဏီရဲ့ခေါင်းဆောင်ဟာ ရာဇဝတ်မှု တခုခုကျုးလွန်တယ်ဆိုရင် စာချုပ်တွေကို မြို့တော်ဝန်က ဖျက်သိမ်းခွင့်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ထရမ့်ဟာ နယူးယောက်မြို့လယ်က Trump Tower နဲ့ Trump International Hotel တွေကို ဆက်လက်ဆောင်ရွက်ခွင့်ရှိနေဦးမှာဖြစ်ပါတယ်။






