BEC-TERO TV

ထိုင်းရဲစခန်းတစ်ခုတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးကို ရဲတစ်ဦးက မုဒိမ်းကျင့်မှု ဖြစ်ပွား

15 Jan 2021     2,449 Views


ထိုင်းနိုင်ငံ ဆူရတ်သာနီပြည်နယ်ရှိ ရဲစခန်းတစ်ခုမှာ မူးယစ်ဆေးဝါးသံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှုဖြင့် ထိုင်း ရဲအရာရှိ တစ်ဦးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ယင်း အရာရှိဟာ ဆူရတ်သာနီပြည်နယ် ကော့စမွီခရိုင် ဘိုဖတ်ရဲစခန်းမှာ အမှုစစ်အဖွဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတာလို့ဆိုပါတယ်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရာရှိကို ရာထူးမှရပ်ဆိုင်းဖို့ ဆူရတ်သာနီရဲချုပ် ရဲမှူးချုပ် ဆာသစ် ဖော်လ်ပီနစ်က ဇန်နဝါရီ ၁၃ ရက်မှာ အရေးပေါ် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကာ ဖြစ်စဉ်ကို ခုနစ်ရက်အတွင်း စုံစမ်းစစ်ဆေးဖို့ စည်းကမ်းထိန်းသိမ်းရေးကော်မတီတစ်ခု ခန့်အပ်ပေးခဲ့ပါတယ်။ အခင်းဖြစ်စဉ်ဟာ ဇန်နဝါရီ ၁၃ ရက် နံနက် ၁း၅၀ နာရီကနေ ၂း၃၀ နာရီအကြားဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းအချိန်က ကျူးလွန်သူဟာ ဘိုဖတ်ရဲစခန်းမှာ မူးယစ်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးကို သူ့အချုပ်ခန်းကနေ အခြားအခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ယင်းနောက် သူမကို အဓမ္မပြုကျင့်ခဲ့ပြီးနောက် အချုပ်ခန်းကို ပြန်ပို့ပေးခဲ့ပါတယ်။

ယင်းနောက်ပိုင်းမှာ အမျိုးသမီးဟာ ဖြစ်စဉ်ကို မြန်မာသံရုံးသို့ အကြောင်းကြားခဲ့ရာမှ သံရုံးက ဘိုဖတ်ရဲစခန်းမှူးထံ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ကျူးလွန်သူ အရာရှိကို သူ စစ်ဆေးမှုလုပ်ခဲ့ကြောင်း စခန်းမှူးက ပြောဆိုကာ ၎င်းက ဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်စိတ်တစ်ပိုင်းဝန်ခံ၊ တစ်စိတ်တစ်ပိုင်း ငြင်းဆိုမှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုအခါ အဆိုပါအရာရှိကို မုဒိမ်းမှု စွဲချက်နဲ့ ကော့စမွီတရားရုံးမှာ ထိန်းသိမ်းထားခဲ့ကာ အမျိုးသမီးကိုတော့ ဆေးစစ်မှုတွေလုပ်ဖို့ ကော့စမွီဆေးရုံကို ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

The Nation


15 Jan 2021     2,449 Views




RELATED

Most Popular of International News

Most Popular of NEWS