BEC-TERO TV

အူအတက် ရောင်ခြင်း

18 Jan 2021     2,428 Views


အူအတက်သည် ဝမ်းဗိုက်၏ညာဘက်အောက်ပိုင်းနားတွင်ရှိသည်။ လက်ညှိုးပုံသဏ္ဍာန်ရှိပြီး အူမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
 
အူအတက်ရောင်လျှင် ချက်ပတ်ပတ်လည်မှ စတင်၍နာပြီးနောက် ဝမ်းဗိုက်ညာဘက်အပိုင်းသို့ရွေ့သွားတတ်သည်။ တစ်ယောက်နှင့် တစ်ယောက် မတူတတ်ပါ။ အချို့လူများတွင် ဗိုက်တစ်ပြင်လုံး ဒါမှမဟုတ် ဗိုက်ညာဘက်အောက်ပိုင်းနာတာမျိုးလည်း ရှိတတ်သည်။
 
လူတိုင်းအူအတက်ရောင်နိုင်သည်။ အသက် ၁၀ - ၃၀ နှစ်အရွယ်အပိုင်းအခြားသည် အဖြစ်များဆုံးဖြစ်သည်။
 

ဖြစ်ပွားရသော အကြောင်းရင်းများ

 
ဘက်တီးရီးယားပိုးများကြောင့် အူအတက်ကို ဖုံးအုပ်ထားသောအလွှာပါးရောင်ပြီး ပိတ်သွားပါက အူအတက်ရောင်ခြင်း ဖြစ်လာသည်။ ပိတ်နေသောအူအတက်ထဲတွင် ဘက်တီးရီးယားများသည် အလျင်အမြန်ပွားများလာကြသည်။ ထိုအခါအူအတက်မှာ ပို၍ရောင်လာခြင်း၊ ဖောင်းလာခြင်း၊ ပြည်များဖြင့်ပြည့်လာခြင်းဖြစ်လာပါတယ်။ အချိန်မှီ မကုသပါက အူအတက်ပေါက်ပြီး ပိုးဆိပ်တက်ကာ အသက်အန္တရာယ်ကို ထိခိုက်စေပါတယ်။
 

လက္ခဏာများ

၁။ ဝမ်းဗိုက်ညာဘက်အောက်ပိုင်း ရုတ်တရက် နာကျင်ခြင်း
 
၂။ တခါတရံ ချက်ပတ်ပတ်လည်မှ စ နာတတ်ပြီး ညာဘက်အခြမ်းသို့ရွေ့သွားခြင်းလည်းဖြစ်တတ်သည်။
 
၃။ ချောင်းဆိုးခြင်း၊ လမ်းလျှောက်ခြင်းနှင့် လှုပ်လှုပ်ရှားရှားလုပ်သည့်အခါတွင် ဗိုက်အောင့်ခြင်း
 
၄။ ပျို့ခြင်း၊ အန်ခြင်း
 
၅။ အစားအသောက်ပျက်ခြင်း
 
၆။ အဖျားတက်ခြင်း
 
၇။ ဝမ်းပျက်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
 
၈။ လေပွခြင်း
 
ဗိုက်အောင့်သောနေရာသည် အသက်အရွယ်နှင့် အူအတက်၏တည်နေရာကိုလိုက်၍ ပြောင်းလဲမှုရှိနိုင်ပါတယ်။ ဥပမာ - ကိုယ်ဝန်ဆောင်များတွင် အူအတက်ရောင်ပါက ဗိုက်အပေါ်ပိုင်းမှစ၍ အောင့်လာတတ်ပါတယ်။
 

နောက်ဆက်တွဲ ပြဿနာများ

၁။ အူအတက်ပေါက်ထွက်ခြင်း - ပေါက်သွားပါက ဘက်တီးရီးယားပိုးမွှားများသည် နေရာအနှံ့သို့ပျံ့နှံ့သွားနိုင်ပါတယ်။ အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီး ရောင်နေသောအူအတက်ကို ဖြတ်တောက်ဖယ်ရှားခြင်း၊ ဝမ်းဗိုက်အတွင်းပိုင်းကိုဆေးကြောခြင်းများပြုလုပ်ရပါတယ်။
 
၂။ တစ်ခါတစ်ရံ အူအတက်မှာပေါက်ထွက်သွားပြီး အနားပတ်ပတ်လည်တွင် ပြည်စုဖြစ်ပေါ်လာတတ်ပါတယ်။ ထိုအခါ ဗိုက်အတွင်းသို့ပြွန်သွင်းကာ စုပ်ထုတ်ခြင်းပြုလုပ်ရတတ်ပါတယ်။ အဆိုပါပြွန်ကို ဝမ်းဗိုက်အတွင်းတွင် ၂ပါတ်ကြာအောင်ထည့်ထားပြီး ပါးစပ်မှလည်း ပဋိဇီဝပိုးသတ်ဆေးတိုက်ကျွေးခြင်း ကိုပြုလုပ်ရပါတယ်။
 
ရောဂါပိုးများ၊ပြည်များမရှိတော့သည့်အခါမှသာ အူအတက်ကို ဖြတ်တောက်ဖယ်ရှားရပါတယ်။ တစ်ခါတစ်ရံ ပြည်စုပ်ထုတ်ခြင်းနှင့် အူအတက်ဖြတ်ခြင်းကို တပြိုက်နက်ထဲလည်းပြုလုပ်တတ်ပါတယ်။
 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အထက်ဖော်ပြပါလက္ခဏာများပို၍ဆိုးလာသည့်အပြင် ဗိုက်အလွန်အမင်းအောင့်လာပါက ဆရာဝန်နှင့်အမြန်ဆုံးတိုင်ပင်ပြသသင့်ပါတယ်။
 

စစ်ဆေးမှုများ

- ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်းနှင့် လက်ဖြင့်စမ်းသပ်စစ်ဆေးခြင်း
 
- သွေးစစ်ခြင်း - သွေးစစ်ရာတွင် ကိုယ်ခန္ဓာတွင်းဘက်တီးရီးယားပိုးဝင်ရောက်နေပါက သွေးဖြူဥများနေသည်ကို တွေ့နိုင်သည်။
 
- ဆီးစစ်ခြင်း - အူအတက်ရောင်ခြင်းကြောင့် ဗိုက်အောင့်ခြင်းသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးကျောက်တည်ခြင်းများနှင့် မှားနိုင်သောကြောင့်ဖြစ်သည်။
 
- ပုံဖော်ခြင်း - အာထရာဆောင်းရိုက်ခြင်း၊ လိုအပ်ပါက ဝမ်းဗိုက်ကို ဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပျူထားဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ရတတ်ပါတယ်။
 

ကုသခြင်း

၁။ ရောင်နေသောအူအတက်ကို ဝမ်းဗိုက်တွင် ၂ - ၄လက်မခန့်ရှိသောခွဲကြောင်းရာပေး၍ ဖြတ်တောက်ခြင်း သို့မဟုတ် ဝမ်းဗိုက်တွင်အပေါက်ငယ်များပြုလုပ်၍ မှန်ပြောင်းဖြင့်ဖြတ်တောက်ဖယ်ရှားခြင်း။
 
၂။ အူအတက်ပေါက်၍ပြည်စုဖြစ်လာပါ အရေပြားကိုဖောက်ပြီး ဝမ်းဗိုက်အတွင်းသို့ပြွန်ထည့်ကာစုပ်ထုတ်ခြင်း၊ ပိုးသတ်ဆေးများဖြင့် ဘက်တီးရီးယားကို ထိန်းချုပ်နိုင်မှသာ အူအတက်ဖြတ်တောက်ခြင်း။
 

အူအတက်ခွဲပြီးလိုက်နာရန်အချက်များ...

၁။ အူအတက်ခွဲပြီး ၂ပါတ်ခန့်ပြင်းပြင်းထန်ထန် လှုပ်ရှားမှုမလုပ်ရပါ။ မှန်ပြောင်းဖြင့်ခွဲပါက ၃ - ၅ ရက်ခန့်သာအနားယူရန်လိုအပ်ပါတယ်။
 
၂။ ချောင်းဆိုးခြင်း၊ ရယ်မောခြင်းများပြုလုပ်သည့် အခါသတိထားပါ။ ဖြစ်နိုင်လျှင်ခေါင်းအုံးတစ်လုံးဖက်ထားပေးပါ။
 
၃။ ပြုလုပ်နေကျ လုပ်ငန်းဆောင်တာများကို တဖြည်းဖြည်းချင်း၍တိုးပြီး လုပ်ဆောင်ပါ။
 
၄။ ဗိုက်အောင့်ခြင်းသည်  အကိုက်အခဲပျောက်ဆေးများ သောက်တာတောင် မသက်သာလျှင် ဆရာဝန်နှင့်ပြပါ။
 
၅။ ကောင်းစွာအိပ်စက်အနားယူပါ။
 
(ပိုပိုလေး)

18 Jan 2021     2,428 Views




RELATED

Most Popular of Health Fix

Most Popular of Life Style