BEC-TERO TV

စိတ်ကြွဆေးပြား ၂၀ နေအိမ်တွင်တွေ့ရှိမှုဖြင့် အဖမ်းခံရသူအမျိုးသမီး၏ မိသားစုဝင်များက အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်

25 Jan 2021     1,779 Views


စီးကရက်ဘူးနှင့်ထည့်လျက် WY စာတမ်းပါ စိတ်ကြွဆေးပြား ၂၀ နေအိမ်အဝင်တံခါး အပေါ်တန်းတွင်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒေါ်လှလှဋ္ဌေး (ခ) မယ်မှုံ၏ မိသားစုဝင်များနှင့် ၎င်းဖြစ်စဥ်အားလိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် ရပ်ကွက်နေပြည်သူ စုစုပေါင်း ၁၁ ဦးတို့က အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် မဟာဗန္ဓုလပန်းခြံရှေ့ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် (၂) တောင်ရပ်ကွက် မာန်ပြေ (၃) လမ်းတွင်နေထိုင်းပြီး မီးသွေးရောင်း၍အသက်မွေးကြသည့်မိသားစုမှ အိမ်ရှင်မဖြစ်သူ ဒေါ်လှလှဋ္ဌေး (ခ) မယ်မှုံသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ (၂၈) ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည်။ "မယ်မှုံကို ရုံးထုတ်မတိုင်မှီ အမှုမှန်ဖော်ထုတ်ပေးနိုင်ဖို့ မယ်မှုံမိသားစုရယ် ရပ်ကွက်နေပြည်သူတွေရယ် ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်။ မယ်မှုံတို့မိသားစုက ကျွန်တော်တို့ရပ်ကွက်ထဲမှာ မီးသွေးရောင်းပြီး အသက် မွေးဝမ်းကျောင်းမှု ပြုလုပ်ကြတာ တစ်ရပ်ကွက်လုံးသိပါတယ်။

ဒါဟာ အိမ်ထဲဆေးပစ် သတင်းပေးတိုင်ကြားလို့ ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်"ဟု သူမ၏မိတ်ဆွေတစ်ဦးက ပြောသည်။ ယင်းသို့ဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးခံရသူ ဒေါ်လှလှဋ္ဌေး (ခ) မယ်မှုံ ၏ မိသားစုဝင်သုံးဦးနှင့် ရပ်ကွက်နေပြည်သူ ၉ ဦးတို့မှ ဆိုင်းဘုတ်များကိုင်ဆောင်ကာ နံနက် ၉ နာရီမှ ၁၀ နာရီအထိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် မူးယစ်ဆေးပစ်ဖမ်းဆီးခံရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် မာန်ပြေ ၃ လမ်းအရှေ့၊ အမှတ် ၈၅၉ မှ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဖြစ်စဥ်အား မြန်မာနိုင်ငံအစိုးရ အာဏာပိုင်အဖွဲ့မှ CCTV မှတ်တမ်းများ ကြည့်ရှုစစ်ဆေးပေးရန်၊ အပြစ်ရှိသူ ၁၀၀ လွတ်တာထက် အပြစ်မရှိသူ တစ်ယောက် ပြစ်ဒဏ်ခံရတာဆိုးဝါးသည်ကို သတိပြုပါ။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်လုံဝန်ကြီး၊ သာကေတမြို့နယ် ရွေးကောက်ခံ ပြည် သူ့လွှတ်တော် ၃ ရပ်မှ ကိုယ်စားလှယ်များကူညီပါ။ မူးယစ်ဆေးဝါး သုံးစွဲရောင်းချခြင်းမရှိဘဲ ထောင်ခြောက်ဆင်ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရေး အပါအဝင် အချက် ၁၁ ချက်ကိုတောင်းဆိုခဲ့သည်။ လက်ရှိတွင် တွေ့ရှိ၍ ဖမ်းဆီးခံထားရသည့် ဒေါ်လှလှဋ္ဌေး (ခ) မယ်မှုံ အား သာကေတအမှတ် (၂) ရဲစခန်းတွင် ယနေ့အချိန်ထိချုပ်နှောင်ထားပြီး နိုဝင်ဘာ ၂၆ ရက်တွင် သာကေတမြို့နယ် တရားရုံး သက်သေများကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo credit


25 Jan 2021     1,779 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS