BEC-TERO TV

တောင်တရုတ်ပင်လယ်ထဲ USS Theodore Roosevelt စစ်သင်္ဘောအုပ်စု ဝင်ရောက်

25 Jan 2021     1,706 Views


တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေ ဖြစ်နေချိန်မှာပဲ အမေရိကန်ရဲ့ လေယာဉ်တင် စစ်သင်္ဘောအုပ်စုဟာ တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ USS Theodore Roosevelt ဦးဆောင်တဲ့ အမေရိကန် လေယာဉ်တင်စစ်သင်္ဘောအုပ်စုဟာ ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာခွင့်ကို မြှင့်တင်ဆောင်ရွက်တဲ့အနေနဲ့ အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

Pratas ကျွန်းစုတွေအနီးက သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို တရုတ်နိုင်ငံ ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ အတော်လေး ကျူးကျော်ဝင်ရောက်လာခဲ့တယ်လို့ ထိုင်ဝမ်ကပြောလိုက်တဲ့ စနေနေ့မှာပဲ အမေရိကန်ရဲ့ စစ်သင်္ဘောအုပ်စုဟာလည်း တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့တာ ဖြစ်တယ်လို့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အဲဒီ လေယာဉ်တင် စစ်သင်္ဘောအုပ်စုဟာ ပုံမှန်လုပ်နေကျ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့၊ ပင်လယ်ထဲမှာ လွတ်လပ်စွာ သွားလာနိုင်ဖို့နဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ အကျိုးတူ ဆောင်ရွက်မှုတွေကို တည်ဆောက်ဖို့အတွက် တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၃ ပုံ ၂ ပုံဟာ ဒီအရေးပါတဲ့ တောင်တရုတ်ပင်လယ်ထဲကနေ ဖြတ်သန်းသွားလာနေတာကြောင့် အမေရိကန်အနေနဲ့ ဒီဒေသမှာ ဆက်ရှိနေဖို့က အရေးကြီးတယ်လို့လည်း အမေရိကန် စစ်ရေယာဉ်အုပ်စုရဲ့ ရေတပ်ဗိုလ်ချုပ် Doug Verissimo က ပြောပါတယ်။

တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့ စစ်ရေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ထဲက သူတို့သိမ်းယူထားတဲ့ ကျွန်းတွေနားကို ပိုပြီးတော့ ကပ်လာနေတယ်လို့ ထပ်တလဲလဲ ပြောဆိုနေပါတယ်။ Theodore Roosevelt လေယာဉ်တင်သင်္ဘောနဲ့အတူ နောက်ထပ် ပဲ့ထိန်းတပ်ဒုံးကျည် ပစ်နိုင်တဲ့ စစ်သင်္ဘော ၃ စင်း ပါဝင်တယ်လို့ အမေရိကန်စစ်တပ်ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

Source : VOA


25 Jan 2021     1,706 Views




RELATED

Most Popular of International News

Most Popular of NEWS