BEC-TERO TV

သပိတ်ကျင်းမြို့၊ ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အား အဆိပ်ခတ်သည့် တရားခံနှစ်ဦးအား ဖမ်းဆီးရမိ

26 Jan 2021     1,908 Views


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ဆင်မွှေးကျေး ရွာရှိ အများသုံးရေကန်အတွင်းမှ ရေအားသောက်သုံးမိ၍ အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်စဉ်တွင် အဆိပ်ခတ်သည့် တရားခံနှစ်ဦးအားဖမ်းဆီးရမိကြောင်း သပိတ်ကျင်းမြို့ မြို့မရဲစခန်းမှ သိရှိရသည်။

သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ဆင်မွှေးကျေးရွာတွင် (၂၁-၁၂-၂၀၂၀) ရက်နေ့က အများသုံး ရေကန်အတွင်းမှ ရေအား သောက်သုံးမိ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်ကြောင့် သပိတ်ကျင်းမြို့ မြို့မရဲစခန်းမှ သေမှုသေခင်းဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ရေကန်အတွင်းမှရေအား ဓာတုဗေဒဝန်ရုံးသို့ ပေးပို့စစ်ဆေးခဲ့ရာ ဆိုင်ရာနိုက် အဆိပ်ကို စမ်းသပ်တွေ့ရှိရသဖြင့် လူတစ်ဦးတစ်ယောက်အား အသက်သေ စေရန်အကြံဖြင့် အဆိပ်ခတ်သူအား အရေးယူရန် သပိတ်ကျင်းမြို့ မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ သပိတ်ကျင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဇရပ်ကွင်းရဲကင်း၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် အုံးဇုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ရေကန်အတွင်းအဆိပ်ချသူ မင်းခန့်မောင် (ခ) ရှမ်းကြီး (ခ) ခိုင်လတ်ဇော်နှင့် ၎င်းအားစေခိုင်းသူ ဝင်းနိုင် တို့အား စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။

တရားခံ မင်းခန့်မောင် (ခ) ရှမ်းကြီး (ခ)ခိုင်လတ်ဇော်က ၎င်း၏သဘောဆန္ဒ အလျောက် (၂၅-၁-၂၀၂၁) ရက်နေ့တွင် သပိတ်ကျင်းမြို့ မြို့နယ် တရားရုံးတွင် ဖြောင့်ချက်ပေးခဲ့ကြောင်း၊ အဆိုပါအမှုနှင့်ပတ်သက်၍ သပိတ်ကျင်းမြို့၊ မြို့မရဲစခန်းမှ တရားစွဲတင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြန်/ဆက် (သပိတ်ကျင်း)


26 Jan 2021     1,908 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS