BEC-TERO TV

ဖနောင့်ကြောပြတ်ခြင်း (Achilles tendon rupture)

27 Jan 2021     2,117 Views


ဖနောင့်ကြောဟာ ဒဏ်တစ်ခုကြောင့်ပြတ်လေ့ရှိပြီး ခြေထောက်အနောက်ပိုင်းပေါ်မှာ ပြဿနာပေးပါတယ်။ အများအားဖြင့် အားကစားသမားများမှာ ဖြစ်တတ်ပြီး ဘယ်သူမဆို ဖြစ်နိုင်ချေတော့ ရှိပါတယ်။
 
          ဖနောင့်ကြောဆိုတာ ဖနောင့်ရိုးနဲ့ ခြေသလုံးကြွက်သားကို ဆွဲဆက်ထားပေးသော သန်မာသော အမျှင်ကြိုးတစ်ခုဖြစ်ပါတယ်။ အပြင်းအထန်ကြီးဆွဲဆန့်လိုက်တဲ့အခါမှာဆိုရင် ဖနောင့်ကြောဟာ ပြဲပြီး ပြတ်သွားနိုင်ပါတယ်။
 
          ဖနောင့်ကြောပြတ်သွားတဲ့အခါချိန်မှာဆိုရင် ဖောက်ဆိုတဲ့ အသံလေးကြားရနိုင်ပြီး ခြေကျင်းဝတ်မှာ ရုတ်တရက် စူးစူးရှရှနာကျင်လာပြီး လမ်းမလျှောက်နိုင်ဖြစ်သွားပါမယ်။ ခွဲစိပ်ပြီး ပြန်ဆက်ခြင်းဖြင့် ကုသရပါမယ်။ လူအများစုမှာဆိုရင်တော့ ခွဲစိပ်ကုသမှု မခံယူဘဲ ပျောက်သွားတာလည်း ရှိပါတယ်။
 

ဖနောင့်ကြောပြတ်ခြင်း၏ လက္ခဏာများ

 
          ဖနောင့်ကြောပြတ်ခြင်းဟာ လက္ခဏာမပြတဲ့အခါတွေရှိနိုင်ပေမယ့် လူအများစုမှာတော့ အောက်ပါလက္ခဏာများ ပြတတ်ပါတယ်။
 
-ခြေသလုံးကြွက်သားကို အကန်ခံထားရသလို ခံစားရခြင်း။
 
-ပြင်းထန်စွာနာကျင်ခြင်း၊ ဖနောင့်တဝိုက် ရောင်ရမ်းနေခြင်း။
 
-ခြေထောက်( ခြေဖဝါး) ကို အောက်ကို စိုက်လို့ မရနိုင်ခြင်း။
 
-ခြေချောင်းလေးများပေါ်တွင် အားပြု၍ မရပ်နိုင်ခြင်း။
 
-ထိခိုက်မိတဲ့အချိန်မှာ ဖောက်ဆိုတဲ့ အသံ ကြားလိုက်ရခြင်း။
 
 ဖနောင့်ကြောပြတ်ခြင်းကို ဖြစ်စေသော အကြောင်းအရင်းများ
 
          ဖနောင့်ကြောဟာ အများအားဖြင့်တော့ ဖနောင့်နဲ့ဆက်တဲ့နေရာမှ ၂ လက်မခွဲ( ၆ စင်တီမီတာ) နေရာလောက် မှာ ပြတ်တတ်ပါတယ်။ အဲ့ဒီနေရာမှာဆိုရင် သွေးထောက်ပံ့မှု နည်းတဲ့အတွက်ကြောင့် အလွယ်တကူပြတ်လွယ်ပြီး အနာကျက်နှေးပါတယ်။
 
          အများအားဖြင့်တော့ ဖနောင့်အကြောပေါ်မှာ သက်ရောက်တဲ့ ဒဏ်များသွားတဲ့အခါမှာ ဖနောင့်ကြောဟာ ပြတ်သွားတတ်ပါတယ်။ ဥပမာ-
 
-အပြင်းအထန်လုပ်ရသော အားကစားများ၊ အထူးသဖြင့် အပြေး၊ အခုန် အားကစားများ
 
-အမြင့်မှ ပြုတ်ကျခြင်း။
 
-တွင်း၊ ချိုင့်အတွင်းသို့ ချော်နင်းမိခြင်း
 
 ဖနောင့်ကြောပြတ်နိုင်ချေများသူများ
 
-အသက် ၃၀ မှ ၄၀ နှစ်ကြား
 
-အမျိုးသားများဟာ အမျိုးသမီးများထက် ၅ ဆ ဖြစ်နိုင်ခြေများပါတယ်။
 
- အပြင်းအထန် အားကစားပြုလုပ်သူများ
 
-အနာအကျင်သက်သာစေရန်၊ အယောင်ကျစေရန်အတွက် ခြေကျင်းဝတ်ကို တိုက်ရိုက် ဆေးထိုးသူများ
 
-Fluoroquinolone (Ciprofloxin / Levofloxacin) စတဲ့ ပဋိဇီဝဆေးဝါးများ
 
- အဝလွန်သူများ
 
စစ်ဆေးမှုများ
 
          ဆရာဝန်ဟာ ဒဏ်ရာရသူကို စမ်းသပ်စစ်ဆေးတဲ့အခါမှာ ခြေသလုံးကြွက်သား နဲ့ ဖနောင့်ကြားမှာ ရောင်ရမ်းနာကျင်နေတာ တွေ့ရနိုင်ပါတယ်။ ဖနောင့်အကြောဟာ လုံးလုံးပြတ်သွားတဲ့အတွက်အခါမှာ ဆိုရင်တော့ ကြားထဲမှာ ဟနေတဲ့နေရာကို စမ်းမိနိုင်ပါတယ်။
 
          ဆရာဝန်က သင့်ကို ထိုင်ခုံပေါ်မှာ ဒူးထောက်ထိုင်ခိုင်းမယ် (သို့) ဝမ်းလျားမှောက်ပြီးလှဲခိုင်းထားမယ် ပြီးရင် ခြေသလုံးကြွက်သားတွေကို ညှစ်ကြည့်မယ်၊ အလိုလျောက် ခြေထောက်ကွေးသွားတာကို စောင့်ကြည့်ပါမယ်။ တကယ်လို့ ခြေထောက်က သူ့အလိုလျောက် မကွေးသွားဘူးဆိုရင်တော့ ဖနောင့်ကြောပြတ်တယ်လို့ ယူဆပါမယ်။ ဘယ်လောက်အတိုင်းအတာထိ ပြတ်သွားသလဲဆိုတာကို သိနိုင်ရန်တော့ Ultrasound (သို့) MRI ရိုက်ပြီး အတိအကျ စစ်ဆေးလို့ ရပါတယ်။
 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

 
          ခြေထောက်မှ ရုတ်တရက် ဖောက်ဆိုတဲ့ အသံကြားလိုက်ပြီး၊ လမ်းကောင်းကောင်းမလျှောက်နိုင်တော့ ဘူးဆိုရင် ဆရာဝန်နှင့် ချက်ချင်း သွားရောက်ပြသသင့်ပါတယ်။
 

 ကုသမှု

 
          ဖနောင့်ကြောပြတ်ခြင်းအတွက် ကုသမှုကတော့ အသက်အရွယ်၊ ဖနောင့်ကြောပြတ်တဲ့ အတိုင်းအတာ နဲ့ ထိခိုက်မိတဲ့ ပြင်းထန်မှုပေါ်မှာ မူတည်ပါတယ်။ အကြမ်းအားဖြင့်တော့ ငယ်ရွယ်သူတွေ၊ အားကစားသမားတွေ၊ တက်ကြွဖြတ်လတ်သူတွေမှာဆိုရင်တော့ ခွဲစိတ်ပြီး ပြန်ဆက်နိုင်ပါတယ်။ အသက်အရွယ်ကြီးသူတွေ မှာဆိုရင်တော့ ခွဲစိတ်ကုသမှုတွေ မလုပ်တော့ပါဘူး။
 

မခွဲစိတ်ဘဲကုသနည်းများ

 
-ချိုင်းထောက်အသုံးပြုခြင်းဖြင့် ဖနောင့်ကြောကို အနားပေးခြင်း
 
-ထိခိုက်မိတဲ့နေရာကို ရေခဲကပ်ပေးခြင်း
 
-အကိုက်အခဲပျောက်ဆေး စားခြင်း၊ လိမ်းခြင်း
 
-ခြေကျင်းဝတ်ကို ရက်အနည်းငယ် မလှုပ်ဘဲထားခြင်း၊ ခြေဖျားကို အောက်စိုက်ထားပြီးဖြစ်စေမယ့် ခြေစွပ် (သို့) ဖိနပ် ဝတ်ထားခြင်း။
 

 ခွဲစိတ်ကုသခြင်း

 
          ခြေသလုံးကြွက်သားအောက်ဖက်နေရာတွင် ခွဲကြောင်းအရာပေးခွဲပြီး ပြဲနေ (သို့) ပြတ်နေတဲ့ ဖနောင့်ကြောကို ပြန်ဆက်ပေးခြင်းနည်းဖြစ်ပါတယ်။  နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အာရုံကြောထိမိခြင်း၊ ပိုးဝင်ခြင်း များရှိနိုင်တဲ့အတွက် ခွဲကြောင်းကို တတ်နိုင်သလောက် အသေးဆုံးခွဲဖို့တော့ လိုပါတယ်။
 

 ပြန်လည်သန်စွမ်းရေးကုသမှု

 
          လိုအပ်တဲ့ကုသမှုတွေပြီးတဲ့အခါမှာ ပြန်လည်သန်စွမ်းရေးအနေနဲ့ ဖနောင့်ကြောကို ပြန်လာသန်မာလာအောင် လေ့ကျင့်ခန်းတချို့တော့ လုပ်ပေးဖို့ လိုအပ်ပါတယ်။ လူအများစုမှာဆိုရင်တော့ ၄ လ ကနေ ၆ လအတွင်းမှာ  နဂိုအတိုင်း ပြန်လည်သန်မာလာနိုင်တတ်ပါတယ်။
 
 
Credit:

27 Jan 2021     2,117 Views




RELATED

Most Popular of Health Fix

Most Popular of Life Style