BEC-TERO TV

ဘင်္ဂလားဒေ့ရှ်၏ ကျောက်ကပ် တရားမ၀င် ကုန်သွယ်မှု ပိုမိုကြီးထွားလာ

19 Oct 2015     1,502 Views


ကျောက်ကပ် တရားမ၀င် ကုန်သွယ်မှု၏ သားကောင်ဖြစ်ခဲ့ရသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးက ကျောက်ကပ် ဖယ်ရှားစဉ်က ရရှိခဲ့သော ခွဲစိတ်ဒဏ်ရာအား ပြသနေသည်ကို သြဂုတ် ၁ ရက်က တွေ့ရစဉ်နှစ်ပေါင်းများစွာ အကြွေးတင်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ကျေးလက်မှ ရောရှန်အေရာသည် မိသားစု၏ ခြေရာကိုလိုက်ကာ သူ၏ကျောက်ကပ်ရောင်းပြီး ငွေရှာရန် ဆုံးဖြတ်ခဲ့သည်။ ဆင်းရဲသော ကျေးလက်ဒေသမှ အခြား အိမ်နီးချင်းများစွာကဲ့သို့ပင် အသက် ၂၈ နှစ်အရွယ် အေရာသည် ဒေသခံ ပွဲစားတစ်ဦးကို လွယ်လင့်တကူ တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၏ တရားမ၀င် ကိုယ်အင်္ဂါအစိတ်အပိုင်း ကုန်သွယ်မှု၏ ဓားစာခံတစ်ဦး ဖြစ်လာခဲ့သည်။ ကလေးတစ်ယောက်မိခင် အေရာက ဖေဖော်ဝါရီလတွင် ကျောက်ကပ် ထုတ်ရန် ခွဲစိတ်ကုသမှုခံယူခဲ့ပြီး သူ၏ညီမနှင့် ခဲအိုတော်သူတို့က ၎င်းအတွက် သတိပေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သော နှစ်နှစ်က ခွဲစိတ် ကုသမှု ခံယူခဲ့ကြပြီး နောက်ဆက်တွဲ ရှုပ်ထွေးမှုများကို ခံစားခဲ့ကြသူများ ဖြစ်သည်။ “ဒါပေမဲ့ ကျွန်မက ဆင်းရဲမွဲတေတာကို စိတ်ပျက် နေခဲ့ပါတယ်။ ကျွန်မယောက်ျားက နာတာရှည် ရောဂါသည်ပါ။ သမီးရဲ့ပညာရေးကလည်း စရိတ် ကြီးလာနေပါတယ်။ အိမ်အကူလုပ်ဖို့၊ အထည်ချုပ်လုပ်ဖို့ ဒါကာကို သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ လုပ်ခတွေက စိတ်ပျက်စရာပါပဲ” ဟု အေရာက ပြောကြားခဲ့သည်။ အေရာနေထိုင်ရာ ခါလိုင်ခရိုင်သည် ကျောက်ကပ် တရားမ၀င် အရောင်းအ၀ယ် လုပ်ငန်းအတွက် အချက်အချာနေရာ ဖြစ်လာနေသည်။ သို့သော်လည်း ရဲတပ်ဖွဲ့က ပြောပြသည်မှာ မတူညီသော အကြောင်းအရာ ဖြစ်နေသည်။ အေရာကို ကျောက်ကပ် ခွဲစိတ်ကုသမှုအတွက် ဆွေမျိုးများက တိုက်တွန်းခဲ့ကြောင်း ရဲတို့က သံသယရှိနေသည်။ ပွဲစား ဖြစ်သွားကြသော ကျောက်ကပ် လှူ ဒါန်းသူများသည် ခါလိုင်တွင် များပြားလာပြီး အုပ်စု ဖြစ်လာနေသည်။ ပွဲစားဖြစ်သွားသူများက ကျောက်ကပ် ရောင်းမည့်သူ ရှာဖွေပေးနိုင်ပါက ကော်မရှင် ရယူကြသည်။ “ဒီတစ်နှစ်ထဲမှာပဲ ခါလိုင်ကနေ လူ ၄၀ လောက် ကျောက်ကပ် ရောင်းခဲ့ကြပါတယ်” ဟု ဒေသခံရဲ မှူး ဆီရာဂျားအစ္စလာမ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။၂၀၁၅ ခုနှစ် နောက်ပိုင်းမှစပြီး ခါလိုင်မှနေ၍ ကျောက်ကပ်ရောင်းသည့်သူ ၂၀၀ ခန့်ရှိသည်ဟု ဆိုသည်။ “ ကျောက်ကပ်ရောင်းတဲ့သူတွေက ပွဲစားတွေ ဖြစ်လာကြပြီး ဒီကိုယ်လက်အင်္ဂါ အစိတ်အပိုင်း ကုန်သွယ်တဲ့ ကွန်ရက်ကြီးမှာ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါတယ်။ ဒီပွဲစားတွေက သူတို့မိသားစုတွေနဲ့ ဆွေမျိုးတွေကို အရင်ဆုံး ပစ်မှတ်ထားတယ်။ ပြီးရင် ရွာက လူတွေကို ပစ်မှတ်ထားကြတယ်” ဟု အစ္စလာမ်က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင် ဆီးချိုရောဂါ ဖြစ်ပွားမှု မြင့်မားသောကြောင့် ကျောက်ကပ်ရောဂါ ဖြစ်ပွားနေသူ ရှစ်သန်းခန့်ရှိပြီး နှစ်စဉ် လူ ၂၀၀၀ ထက်မနည်း ခွဲစိတ် ကုသမှုခံယူရန် လိုအပ်နေသည်။ သို့သော်လည်း ဆွေမျိုးသားချင်း အချင်းချင်းသာ ကျောက်ကပ်လှူဒါန်း ခွင့်ပြုထားသောကြောင့် အစားထိုး ခွဲစိတ်မှုများအတွက် ကျောက်ကပ်လိုအပ်ချက် အလွန်မြင့်မားနေသည်။ ထိုအခြေအနေတွင် အကျိုးအမြတ် ကြီးမားသော မှောင်ခိုဈေးကွက်က လိုအပ်နေသည့် ကွက်လပ်ကို ဖြည့်ဆည်းပေးနေသည်။ အေရာသည် ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံကူး လက်မှတ်အတုနှင့် မှတ်ပုံတင်အတုတို့ ရရှိခဲ့ပြီး အမည်ကို ပြောင်းလဲကာ ကျောက်ကပ် လက်ခံမည့်သူ၏ ဆွေမျိုးအဖြစ် အိန္ဒိယ ဆေးခန်းတစ်ခုတွင် ကျောက်ကပ် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။ ကျောက်ကပ် ရောင်းခဲ့သည့် အတွက် အေရာသည် ဒေါ်လာ ၄၅၀၀ ရခဲ့ပြီး ထိုငွေများကို လယ်ငှားရန်အတွက် အသုံးပြုခဲ့သည်။ ထို့ပြင် ဆရာဝန်ဖြစ်လိုသော အသက် ၁၃ နှစ်အရွယ် သမီးအတွက် ကျူရှင်ဆရာ ငှားရမ်းခဲ့သည်။ သို့သော်လည်း အေရာရရှိခဲ့သော ငွေများသည် တန်ဖိုးတစ်ခု ပေးဆပ်ပြီး ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အေရာသည် အလေးအပင် မ မနိုင်တော့ဘဲ အပင်ပန်းလည်း မခံနိုင်ပေ။ ထို့ပြင် မကြာခဏ အသက် ရှူ ခက်ခဲ နေခဲ့သည်။ “ကျောက်ကပ် ရောင်းခဲ့တာက အမှားကြီးတစ်ခုပါပဲ။ ကျွန်မ ကျန်းကျန်းမာမာ နေနိုင်ဖို့ ပိုက်ဆံအများကြီး လိုအပ်လာပါတယ်” ဟု အေရာက ပြောခဲ့သည်။ မြို့တော် ဒါကာမှ အနောက် မြောက်ဘက် ၁၈၅ မိုင်အကွာရှိ ခါလိုင်တွင် အိမ်ထောင်စုတိုင်း နီးပါးသည် ကျောက်ကပ် ခွဲစိတ်ကုသမှုနှင့် ပတ်သက်၍ ပြောစရာ ရှိကြသူများ ဖြစ်ကြသည်။ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မရရှိသောကြောင့် အများစုသည် ကျန်းမာရေးပြဿနာများ ရင်ဆိုင်ကြရပြီး လယ်ယာ လုပ်ငန်းခွင်၌လည်း ဆက်လက် လုပ်ကိုင်နိုင်ကြခြင်း မရှိတော့ပေ။ ထိုအတွက်ကြောင့် ကျောက်ကပ် ရောင်းခဲ့သူများသည် ပွဲစားများ ဖြစ်လာကြပြီး ကျောက်ကပ် ရောင်းချမည့် ရွာသားတစ်ဦးနှင့် သဘောတူညီချက် ရရှိပါက ပွဲခအနေဖြင့် ဒေါ်လာ ၃၀၀၀ ရရှိကြကြောင်း သိရသည်။ ကျောက်ကပ် လှူသူအဖြစ်မှ ရောင်းသူဖြစ်ရန် လွယ်ကူသကဲ့သို့ ကျောက်ကပ် ရောင်းသူသည် အောင် မြင်မှု စံနမူနာအဖြစ် ပြောင်းလဲသွားကာ ကျောက်ကပ်တရားမ၀င် ရောင်းချမှု ကွက်ရက်သည် ကြီးမားလာကြောင်း ခါလိုင်တွင် သုတေသန ဆောင်ရွက်နေသည့် မီချီဂန် တက္ကသိုလ်မှ ပညာရှင် မိုနီရူဇာမန်မိုနီရာက ပြောကြားခဲ့သည်။ http://www.news-eleven.com/


19 Oct 2015     1,502 Views




RELATED

Most Popular of Special or Others

Most Popular of NEWS