BEC-TERO TV

မဲခေါင်မြစ်ဝှမ်းထဲက ပိုခက်ခဲလာတဲ့ ရေပေါ်နေဘ၀များ

05 Feb 2016     1,332 Views


            မြူတွေကို ဖောက်ပြီးထွက်လာတဲ့ ဩဂုတ်လရဲ့ နေရောင်ခြည်အလင်းတန်းတွေက ဗီယက်နမ်တောင်ပိုင်း ပင်လယ်ဝမြို့လေးကို သွယ်ဝိုက်စီးဆင်းနေတဲ့ ဟောင်မြစ်ပေါ်ကို ဖြန့်ကြက်နေသလို လှေငယ်တွေ ခရီးသွားတွေနဲ့ အလုပ်ရှုပ်နေတဲ့ ဆိပ်ကမ်းငယ်လေးကို မီးမောင်းထိုးပြနေပါတယ်။ မနက် ၇ နာရီမထိုးသေးလို့ မြူ သိပ်မကွဲသေးပေမယ့် ဟောင်မြစ်ဝှမ်းပေါ်မှာ အခြေတည်ထားတဲ့ ရေပေါ်ဈေးကို ဈေးသွားရောင်းမယ့်သူတွေ၊ ဈေးဝယ်သူတွေအတွက်တော့ အနည်းငယ်နောက်ကျနေပြီမို့ ခပ်လောလောပုံတွေ ပေါက်နေကြပါတယ်။

             စားသုံးကုန်ကို အဓိကထားရောင်းချတဲ့ ဒီ ရေပေါ်ဈေးမှာ ဆန်၊ ကန်စွန်းဥ၊ ဖရဲသီး၊ နာနတ်သီး၊ ငါးခြောက်၊ မုန်လာဥနီနဲ့ ဂေါ်ဖီထုပ်လို လတ်ဆတ်တဲ့ အသီးအနှံတွေအပြင် လက်ဖက်ရည်၊ ကော်ဖီ၊ အအေးနဲ့ ထီလက်မှတ်တွေကအစ လှေတွေပေါ်ကနေ ရောင်းချကြပါတယ်။ဗီယက်နမ်နိုင်ငံရဲ့ ငါးခုမြောက် လူဦးရေအများဆုံးနဲ့ ပင်လယ်ဝ မြို့တော် ကန်သဲမြို့ စတင်တည်ထောင်ကတည်းက လှေ၊ သင်္ဘောတို့နဲ့ ကုန်သွယ်ကြတဲ့ ဗီယက်နမ်ဈေးဝယ်ဓလေ့ကြောင့် ဒီ ရေပေါ်ဈေးကလည်း တစ်ပါတည်း ပါဝင်ပြီး မြို့အင်္ဂါရပ်ကို ပံ့ပိုးပေးခဲ့ပါတယ်။

              မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသတစ်ဝိုက်က စီးဆင်းနေတဲ့ ဟောင်အပါအ၀င် မြစ်ချောင်းတွေမှာ အရင်ကထက် ငါးတွေ၊ ပုစွန်တွေ ရှားပါးလာပေမယ့် ဒေသခံတွေကတော့ အကြောင်းရင်းကို သိပ်စိတ်မ၀င်စားကြသေးပါဘူး။ "ငါးဖမ်းလုပ်ငန်းနဲ့ ငါးဈေးကွက်ကတော့ အရင်နဲ့ယှဉ်ရင် တော်တော်ကို ကျလာတာ။ ပညာပေးအဖွဲ့တွေ ကတော့ ဆည်တွေဆောက်လို့၊ အမှိုက်တွေပစ်လို့ လို့ပြောကြတာပဲ။

              ခုလည်း ရောင်းနေရသေးတာပဲ ဆိုတော့ သိပ်စိတ်မပူမိပါဘူး" လို့ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ Mr Hieu က မြစ်ထဲက အမှိုက်တွေကို ကြည့်ရင်း ခပ်လေးလေး ပြောပါတယ်။ ပင်လယ်ဝမှာ ငါးသွားဖမ်းရင်း စက်လှေနဲ့အတူ ပျောက်ဆုံးသွားတဲ့ ငါးဖမ်းသမားရဲ့ ဇနီး Mrs Tran Minh Phung ကတော့ အဆင်မပြေတော့တဲ့ ငါးရောင်းတဲ့အလုပ်ကိုရော၊ ပင်လယ်အနီးက အရင်နေခဲ့တဲ့ ရွာလေးကိုရော စွန့်ပစ်ပြီး ကန်သဲမြို့ကို ပြောင်းလာပါတယ်။ "တစ်ဆင့်ဝယ်ပြီးရောင်းရတဲ့ ငါးသည်အလုပ်က အဆင်မပြေဘူး။ ခုတော့ ဒီမြစ်ထဲမှာပဲ နေ့လယ်စာဘူးလေးတွေ လုပ်ရောင်းနေတယ်" လို့ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ သမီးနှစ်ယောက်မိခင် Mrs Tran က ပြောပါတယ်။

              ရေတိုက်စားမှုကြောင့် မြေပြိုရင်း ထရမ်တို့ နေထိုင်ရာရွာလေးက တဖြည်းဖြည်းပဲ့ပါသွားတာမို့ သူအပါအ၀င် ရွာသူရွာသား တော်တော်များများက မဲခေါင်မြစ် အထက်ဘက်ကို ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။ "ခုက မြစ်ထဲမှာပဲ လှေနဲ့နေတော့ အဆင်ပြေပါတယ်။ ကုန်းပေါ်မှာလို အခွန်အခတွေ မပေးရဘူးလေ" လို့ ထရမ်က ခပ်ရွံ့ရွံ့ ပြောပါတယ်။ ဗီယက်နမ်နိုင်ငံတောင်ပိုင်းက နာမည်ကျော် ရေပေါ်ဈေးနဲ့ အနီးတစ်ဝိုက်မှာ မိသားစုအပြည့်တင်ထားတဲ့ လှေငယ်တွေ၊ ကုန်ပစ္စည်းတွေနဲ့ စက်လှေတွေက နေရာအနှံ့ ယူလာကြသလို မြစ်ရေပေါ်က အမှိုက်တွေ၊ အပြိုင်အဆိုင်ဈေးသည်တွေနဲ့ ၀င်ငွေလျော့နည်းလာမှုတွေက တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်စပ်နေတယ်ဆိုတာ ရိုးသားတဲ့ ဒေသခံတွေအတွက်ကတော့ စိတ်ဝင်စားစရာတစ်ခု မဟုတ်ပါဘူး။

Credit ; http://myanmar.mmtimes.com/


05 Feb 2016     1,332 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS