BEC-TERO TV

တာမွေမြို့နယ်တွင် လက်နက်များနှင့် အတူ ဖမ်းဆီး မိသည့် သူမှာ တပ်မတော် အသိုင်းအဝိုင်းမှ လက်နက် အဝယ်တော် ဖြစ်နေ

10 Feb 2016     1,340 Views


တာမွေမြို့နယ်၊ ဦးထွန်းမြတ်လမ်းရှိ Voctoria International School ရှေ့တွင် ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီခန့်က မော်တော်ယာဉ်ပေါ်မှ လက်နက်များနှင့် အတူ ဖမ်းမိသည့် အသက် ၂၆နှစ် အရွယ်အမျိုးသားမှာ AA မှ လက်နက် အဝယ်တော် ဒုဗိုလ်မှူးကြီး ဖြစ်ကြောင်း တပ်မတော် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“ဖမ်းမိထားသူက လွန်ခဲ့တဲ့ ၇နှစ်လောက်က ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာနဲ့ ကျောင်းထွက်ပြီး AA ဒုဗိုလ်မှူးကြီး ရာထူးနဲ့ ရန်ကုန်မှာ တိတ်တဆိတ် နေပြီး AAအတွက် လိုအပ်တဲ့လက်နက်ခဲယမ်းတွေကို ချိတ်ဆက် ဝယ်ယူ ပို့ဆောင်ပေးတဲ့သူပါ၊ သူနဲ့ ပတ်သက်တဲ့ ကွင်းဆက်တရားခံတွေကို ဖော်ထုတ်နိုင်ဖို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်း စစ်ဆေးနေတယ် ” ဟု အဆိုပါ အသိုင်းအဝိုင်းမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ဖမ်းမိခဲ့သည့် (AA) ဒုတိယဗိုလ်မှူးကြီးမှာ အလုံမြို့နယ်၊ ထော်လီကွေ့၊ နွယ်သာကီလမ်းတွင်နေထိုင်သော ကိုအောင်မြတ်ကျော်(ခ)ညီညီစိုးဖြစ်ပြီး ဖေဖော်ဝါရီလ ၆ရက် နံနက် ၂နာရီက တာမွေမြို့နယ်၊ ဦးထွန်းမြတ်လမ်း Victoria International School ရှေ့ရှိ Toyota Hilux Vigo ယာဉ်ပေါ်မှ ပစ္စတိုသေနတ် တစ်လက်နှင့်အတူ ၉ မမ ကျည် ၇၂တောင့်၊ အမည်လွှဲဖြင့် ပြုလုပ်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားအတု သုံးခု၊ နိုင်ငံကူးလက်မှတ် စာအုပ်၊ လက်ကိုင်ဖုန်း ၃လုံး၊ ငွေကျပ် ၆သိန်းကျော်၊ ကျပ်သိန်း ၁၅ဝ ငွေလွှဲပြေစာတို့နှင့် အတူ ဖမ်းမိခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ AA က လက်နက်အဝယ်တော် အရာရှိတစ်ယောက် ရန်ကုန်မြို့ထဲမှာ နှစ်ပေါင်းများစွာ သာမန်လူတစ်ယောက်လို နေထိုင်ပြီး လက်နက်ခဲယမ်းတွေ သယ်ယူပို့ဆောင်နေတာကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေကော ရဲတပ်ဖွဲ့တွေကော မရိပ်မိခဲ့ဘူး။ အရက်သောက်စားပြီး ကားနဲ့ ပြန်လာချိန် ကားမမောင်းနိုင်တော့လို့ လမ်းဘေး ကားထိုးရပ်ပြီး အိပ်ပျော်နေရာကနေ မသင်္ကာလို့ ဝင်စစ်ဆေးလို့ AA အဖွဲ့က လူမှန်းသိခဲ့ရတာ” ဟု တပ်မတော်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းမိခဲ့သူမှာ (AA) ၏ အပတ်စဉ်(၁) သင်တန်းဆင်းဖြစ်ပြီး ရန်ကုန်မြို့တွင်း ခိုအောင်းကာ ထိုင်းနယ်စပ်မှ လက်နက်ခဲယမ်းများ မှာယူပြီး ရခိုင်ပြည်နယ်ရှိ AA သို့ ပို့ဆောင်ပေးနေသူတစ်ဦးဖြစ်ကြောင်း၊ လက်ရှိ ၄င်းနှင့်ပတ်သက်ဆက်နွယ်နေသော ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ လက်နက်ခဲယမ်းများ သိုလှောင်ပေးသူနှင့် သယ်ယူပို့ဆောင်ပေးသူတို့ကို ထပ်မံ ဖော်ထုတ် ဖမ်းဆီးနိုင်ရန် အပူတပြင်း စုံစမ်းနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“ဖမ်းမိထားသူက AA အဖွဲ့ကို စစ်သင်တန်းပေးခဲ့တဲ့ KIA က သင်တန်းဆင်းတစ်ယောက်ပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ရခိုင်မှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ခဲ့တဲ့ အထဲမှာ သူမပါခဲ့ဘူး။ သူက ဒီကနေ လိုအပ်တဲ့လက်နက်ခဲယမ်း ဝယ်ယူပြီး ပို့ပေးနေသူ”ဟု ၄င်းကို စစ်ဆေးနေသည့်အဖွဲ့တွင်ပါဝင်သူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လက်နက်များနှင့်အတူ ဖမ်းမိထားသော ရခိုင်တပ်မတော် (AA)မှ အရာရှိအဆင့်ရှိသော ကိုအောင်မြတ်ကျော်(ခ) ညီညီစိုးကို တာမွေမြို့မ ရဲစခန်းမှ လက်နက် အက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်ထားပြီး အသေးစိတ် စစ်ဆေးမှုများကို သက်ဆိုင်ရာ ဌာနပေါင်းစုံမှ တာဝန်ရှိသူများက ပူးပေါင်းစုံစမ်းနေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


10 Feb 2016     1,340 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS