BEC-TERO TV

နှစ်ပေါင်းများစွာ တိုက်ခန်းတွင်းမှာ ပိတ်ခံထားရပြီး ကြီးပြင်းလာခဲ့တဲ့ မောင်နှမ (၇) ယောက်

24 Feb 2016     1,308 Views


နယူးယော့ခ်မြို့တွင် နေထိုင်နေသော်လည်း အပြင်ဘက်မှ မြို့ကြီး ဘာဖြစ်နေသလဲဆိုတာ မသိသော မောင်နှမခုနှစ်ဦး၏ အကြောင်းမှာ ထူးဆန်းနေသည်။ အန်ဂူလိုမျိုးနွယ် မောင်နှမ ခုနှစ်ဦးမှာ မိဘများ၏ အခန်းလေးခန်းပါ တိုက်ခန်းထဲတွင်သာ ၁၄ နှစ်နီးပါးခန့် ရုပ်ရှင်များကို ကြည့်ပြီး ကြီးပြင်းခဲ့ခြင်း ဖြစ်သည်။

သူတို့မောင်နှမခုနှစ်ဦးအကြောင်းကို ဒါရိုက်တာ ခရစ္စတယ်မိုဆဲလ်က The Wolf Pack အမည်ဖြင့် မှတ်တမ်း ရုပ်ရှင်ကားအသွင် ရိုက်ကူးထားပြီး ဖြစ်သည်။ ဘဟာဂါဗန် ၂၃ နှစ်၊ အမြွှာနှစ်ဦးဖြစ်သော ဂိုဗင်ဒါနှင့် နာယာနာ ၂၂ နှစ်၊ မာကွန်ဒါက ၂၀ နှစ်၊ ခရစ်နာ ၁၈ နှစ်၊ ဂျာဂါဒက် ၁၇ နှစ်နှင့် အငယ်ဆုံးညီမလေး ဗီစနူတို့အား ပြင်ပ ပတ်ဝန်းကျင်နှင့် ထိတွေ့ပါက ပျက်စီးသွားမည်စိုး၍ မိဘများက အိမ်ထဲတွင်သာ နေစေခဲ့သည်။

သူတို့၏ ဖခင်အော်စကာမှာ ပီရူးနိုင်ငံမှ ပြောင်းရွှေ့လာသူဖြစ်ပြီး မိခင်ကလည်း နတ်ဘုရားခရစ်ရှနာကို ယုံကြည်သက်ဝင်သူ ဖြစ်သည်။ ၁၄ နှစ်ကြာပြီးနောက် မောင်နှမများထဲမှ အစ်ကိုတစ်ဦးက အိမ်မှ ခိုးထွက်ပြီး ကျန်သူများအား ပြင်ပလောကနှင့် မိတ်ဆက်ပေးခဲ့သည်။ ဒါရိုက်တာ မိုဆဲလ်က လမ်းမပေါ်တွင် တော်လှန်ရေး သမားများ ပုံစံဖြင့် သူတို့သဘောကျသော Reservoir Dogs ဇာတ်ကားထဲက လမ်းလျှောက်နေသော မောင်နှမ တစ်စုကို တွေ့ခဲ့ရပြီးနောက် ရှားပါးသော မျိုးနွယ်စုတစ်စုဟုပင် ထင်မိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

နောက်ပိုင်းတွင် ဒါရိုက်တာရိုဆဲလ်သည် အဆိုပါမောင်နှမများနှင့် မိတ်ဆွေဖြစ်ပြီး အိမ်ထဲ ၀င်ခွင့်ရခဲ့ကာ ယင်းတို့၏ မိဘနှစ်ပါးကို စည်းရုံးခဲ့သည်။ ဖခင်ဖြစ်သူ အော်စကာမှာ ပြင်ပကမ္ဘာကြီးကို မနှစ်သက်သော်လည်း Ac/DC အဆိုတော်အဖွဲ့၏ ပရိသတ်တစ်ဦး ဖြစ်သည်။ အန်ဂူလိုမောင်နှမ ခုနှစ်ဦးစလုံးကို ၁၄ နှစ်လုံး ရုပ်ရှင်များ ကြည့်ရင်း ကိုယ်ပိုင်အမြင်ဖြင့် ပြန်လည်သရုပ်ဆောင်လေ့ရှိသည်ဟု ရိုဆဲလ် သိရှိခဲ့ရသည်။ ခုနှစ်ဦးထဲမှ တစ်ဦးက The Dark Night ကားကို ကြည့်ရှုပြီးနောက် လင်းနို့လူသားဆိုခြင်းထက် ကမ္ဘာသစ်တစ်ခုကို ယင်း ခံစားမိခဲ့ကြောင်း၊ လက်ရှိကမ္ဘာမှ လွတ်မြောက်ရန် မိမိ အစွမ်းကုန် ကြိုးစားခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

မာင်နှမ ခုနှစ်ဦးစလုံးမှာ ၁၄ နှစ်တာအတွင်း ဗီဒီယိုခွေပေါင်း ၅၀၀၀ ကျော်ကို ငှားရမ်းခြင်း၊ ဈေးချိုချိုဖြင့် ၀ယ်ယူပြီး ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ ဒါရိုက်တာ ရိုဆဲလ်က “ လူသား စိတ်ဝိညာဉ်က ကိုယ်ကိုယ်ကိုယ် ဘယ်လို ပြဋ္ဌာန်းလဲဆိုတာ စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်အတော်များများမှာ တိကျသေချာတဲ့ ဖော်မြူလာတွေ ရှိပါတယ်။ အပြင်လက်တွေ့မှာတော့ မိန်းကလေးတိုင်းက ခင်ဗျားရဲ့အသည်းကို မခွဲနိုင်ပါဘူး။ ကောင်လေးတွေက ဒါကို နားလည်ဖို့ ခက်နေကြပါတယ်” ဟု ရှင်းပြသည်။

ယခုဆိုလျှင် မောင်နှမခုနှစ်ဦးထဲမှ အထွေးဆုံး ညီမလေးဗီစနူမှ လွဲ၍ ကျန်သော ခြောက်ဦးစလုံး အပြင်လောက တွင် အထိုင်ကျနေပြီ ဖြစ်သည်။ အကိုအကြီးဆုံးက ဟစ်ဟော့အဖွဲ့တစ်ဖွဲ့တွင် အကသင်နေပြီး လာဗန်ဒါက ဓါတ်ပုံဆိုင်ရာ ဒါရိုက်တာတစ်ဦး ဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည်။ နာရာနာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ဝင်စားပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆန့်ကျင်ရေး အဖွဲ့များတွင် ပါဝင်လှုပ်ရှားလျက် ရှိသည်။ မာကွန်ဒါမှာ စာရေးဆရာနှင့် ဒါရိုက်တာတစ်ဦးအဖြစ် အလုပ်လုပ်နေပြီ ဖြစ်သည်။ ခရစ်နာနှင့် ဂျာဂါဒက်တို့က ၁၉၈၀ ကျော်ကာလက ဂီတနှင့် ယဉ်ကျေးမှုများကို လေ့လာလျက်ရှိသည်။

သူတို့မောင်နှမ ခုနှစ်ဦးအကြောင်း ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင် The Wolf Pack သည် Sundance ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး အမေရိကန် မှတ်တမ်းရုပ်ရှင် The Grand Jury Prize ဆွတ်ခူး ရရှိခဲ့သည်။


24 Feb 2016     1,308 Views




RELATED

Most Popular of International News

Most Popular of NEWS