BEC-TERO TV

ပလပ်စတစ် ဆာဂျရီကြောင့် အသက်၆၀ အရွယ် အဆိုတော်က အသက် ၃၀ အရွယ်မျက်နှာသစ်ကို ပြန်လည် ရရှိ

04 Mar 2016     1,306 Views


ထိုင်းနိုင်ငံမှ အသက် ၆၀ အရွယ်ရှိ ကျေးလက်ဂီတ အဆိုတော်တစ်ဦးသည် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်ကုသမှုခံယူပြီးနောက် အသက် ၃၀ အရွယ်မျှဖြစ်သွားသည့် ၎င်း၏မျက်နှာအသစ်ကို စတင်ထုတ်ဖော် ပြသလိုက်သည်။


နာမည်ကျော်အဆိုတော် ဆူရာချိုင်း ဆွမ်ဘတ်ချာရီယွန်သည် ပြီးခဲ့သည့်လက ၎င်း၏မျက်နှာကို ခွဲစိတ်မှုခံယူခဲ့ပြီး ယခုအခါတွင်မှ ထုတ်ပြလာခြင်း ဖြစ်သည်။ အဆိုပါခွဲစိတ်မှုကို အသက် ၃၈ နှစ်အရွယ် ပလပ်စတစ်ဆာဂျရီ အကြံပေးတစ်ဦးဖြစ်သည့် စီပင် ချိုင်ယာဆန်က ဦးဆောင်ခဲ့သည်။

အသက် ၃၈ နှစ်ရှိ စီပင်သည် သူမကိုယ်သူမ ဒေါက်တာ စီပင်ဟု ညွှန်းဆိုသုံးနှုန်းပြီး သူမစီစဉ်ပေးသည့် ပလပ်စတစ်ဆာဂျရီ ခွဲစိတ်မှုများကို ဒေါက်တာစီပင်၏ မျက်နှာလဲလှယ်မှု ပရောဂျက်များဟု ခေါ်ဝေါ်လေ့ရှိသည်။ ဆူရာချိုင်းကို ခွဲစိတ်မှုပြုလုပ်ပြီးကတည်းက စီပင်က သူမ၏အကြံပေးမှုများကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို အသက် ၃၀ အရွယ်ထိ နုပျိုသွားစေနိုင်သည်ဟု ကြွေးကြော်ခဲ့သည်။



ဝေဖန်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် ယခုအခါ ဆူရာချိုင်းသည် ၎င်း၏ပြုပြင်မွမ်းမံထားသော မျက်နှာအသစ်ကို စတင်ထုတ်ဖော် ပြသလိုက်ပြီ ဖြစ်သည်။ စီပင်က မျက်နှာပေါ်ရှိ နေရာ ၁၀ ခုမျှကို ခွဲစိတ်ပြင်ဆင်လိုက်ရုံဖြင့် အလွန်နုပျိုသွားအောင် သူမကအကြံပေး ပြုပြင်နိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်လက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စီပင်က သူမသည် ပလပ်စတစ်ဆာဂျရီ အကြံပေးတစ်ဦးသာဖြစ်ပြီး ဆရာဝန်တစ်ဦးမဟုတ်ကြောင်း ဝန်ခံခဲ့သော်လည်း သူမ၏မျက်နှာလဲလှယ်မှု ပရောဂျက်သည် ထိရောက်အောင်မြင်မှု ကြီးမားစေမည်ဟု အာမခံခဲ့သည်။ “အခု ဆူရာချိုင်းရဲ့ မျက်နှာကို ခွဲစိတ်ပြုပြင်ထားပါတယ်။ ကျွန်မကို ပြင်းပြင်းထန်ထန် မဝေဖန်ကြခင် ဒီခွဲစိတ်မှုရဲ့ရလဒ်ကိုတော့ အရင်စောင့်ကြည့်သင့်တယ်” ဟု သူမက ထိုစဉ်က ကာကွယ်ပြောကြားခဲ့သည်။

မတ် ၃ ရက်တွင်မူ ဆူရာချိုင်းသည် ၎င်း၏မျက်နှာအသစ်ဖြင့် လူမြင်ကွင်းတွင် ထွက်ပေါ်လာပြီး သတင်းထောက်များကို တွေ့ဆုံခဲ့ရာ မူလရုပ်ရည်နှင့် အလွန်ကွာခြားသွားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ စီပင် ကိုယ်တိုင်လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
 


04 Mar 2016     1,306 Views




RELATED

Most Popular of Special or Others

Most Popular of NEWS