BEC-TERO TV

ဘီပိုးကာကွယ်ဆေးကို ထိုးပေးရာက ကလေးငယ် ၃ ဦး သေ၊ ၄ ဦး ရန်ကင်းကလေးဆေးရုံကြီးသို့ တင်ပို့ထားရ

10 Mar 2016     1,477 Views


            ပဲခူးမြို့ရှိ ဆေးရုံကြီး၌ မွေးကင်းစကလေးငယ် ၂၈ ဦးကို မတ် ၇ ရက်က ပြင်ပမှ ၀ယ်ယူသည့် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးပေးရာမှ ကလေးသုံးဦး သေဆုံးသွားခဲ့ပြီး လေးဦးမှာ အရေးပေါ်အခြေအနေ ဖြစ်နေသည့်အတွက် မတ် ၉ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောကြားသည်။

            အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးသည့် ကလေးငယ်များအနက် နှစ်ဦးမှာ ဆေးထိုးပေးသည့်နေ့ မတ် ၇ ရက် ညပိုင်းတွင် သေဆုံးသွားခဲ့ပြီး မတ် ၉ ရက် နံနက်ပိုင်းတွင် တစ်ဦးထပ်မံ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ဆေးရုံတာဝန်ရှိသူများထံ သွားရောက်မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောကြားသည်။ ထို့အပြင် ကျန်ကလေးငယ်များမှာလည်း ဆေးထိုးပြီး နောက်ပိုင်းတွင် အထိတ်တလန့်ဖြစ်ခြင်း၊ တက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်နေခြင်းကြောင့် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ကုသလျက်ရှိကြောင်းနှင့် ၎င်းတို့မှာ လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိတော့ဟု သိရကြောင်း ဦးညွန့်ရွှေက ပြောကြားသည်။

          သေဆုံးသွားသည့် ကလေးငယ်များမှာ မွေးကင်းစ ရက်ပိုင်းအရွယ် ကလေးငယ်များဖြစ်ပြီး ပဲခူးမြို့ဆေးရုံကြီးတွင် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး မရှိသည့်အတွက် ပြင်ပမှ ၀ယ်ယူကာ ထိုးပေးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဆေးကို ဓာတ်ခွဲစမ်းသပ်ရန် နေပြည်တော်သို့ ပို့ဆောင်ထားကြောင်း ဦးညွန့်ရွှေ ပြောကြားချက်အရ သိရသည်။ “ဆေးရုံမှာ မွေးတဲ့ကလေးတွေကို ထိုးပေးတာ။ ကလေးတွေအားလုံးက မွေးကင်းစကလေးတွေ ဖြစ်ပါတယ်။ ဆေးတွေက ဆေးရုံမှာ မရှိတာကြာပြီလို့ သိရတယ်။ ကလေးတွေရဲ့ မိဘတွေ ထိုးချင်တယ်ဆိုလို့ အပြင်က ၀ယ်ထိုးပေးတာလို့ သိရတယ်။ ပထမရက်တွေကလည်း ထိုးတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ဘူး။ တနင်္လာနေ့က ထိုးတဲ့ ဆေးမှာတော့ အခုလိုဖြစ်သွားတာလို့ သိရတယ်။ လောလောဆယ် ဆေးရုံမှာ ကလေးငယ် ၂၀ ဦးလောက် ရှိနေသေးတယ်။ သူတို့က စိုးရိမ်ရတဲ့ အဆင့်မရှိတော့ဘူးလို့ သိရတယ်။

          ကလေးမိဘတွေအတွက်တော့ ဆုံးရှုံးမှုပါပဲ”ဟု ပဲခူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက မတ် ၉ ရက် ညပိုင်းကပြောကြားသည်။ အဆိုပါကဲ့သို့ သေဆုံးသွားခဲ့သည့် ကလေးငယ်များ၏ အလောင်းကို နေပြည်တော်မှ ဆရာဝန်ကြီးများ လာရောက်စစ်ရန် ပဲခူးဆေးရုံကြီး၌ ထားရှိထားကြောင်း သိရသည်။ စိုးရိမ်ဖွယ်ရှိနေသည့် ကလေးငယ် လေးဦး ရန်ကင်းကလေးဆေးရုံကြီးသို့ ရောက်ရှိကုသနေမှုနှင့် ပတ်သက်၍ မေးမြန်းရန် အဆိုပါဆေးရုံအုပ်ကြီးထံသို့ မတ် ၉ ရက် ည ၈ နာရီခွဲခန့်က The Daily Eleven သတင်းစာမှ သွားရောက်ခဲ့ရာ တာဝန်ကျ သူနာပြုဆရာမတစ်ဦးက ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံလိုလျှင် မတ် ၁၀ ရက် နံနက်ပိုင်းမှသာ လာရောက်ရန် ပြောကြားခဲ့သည်။

http://news-eleven.com/


10 Mar 2016     1,477 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS