BEC-TERO TV

ထိုင်းတောင်ပိုင်းတွင် တိုက်ခိုက်မှုများ မြင့်တက်လာပြီးနောက် လုံခြုံရေးများ တိုးမြှင့်

15 Mar 2016     1,279 Views


        ထိုင်းနိုင်ငံထဲမှ မွတ်စလင်အများစု နေထိုင်သည့် တောင်ပိုင်းပြည်နယ်များတွင် မကြာသေးမီကာလအတွင်းက သူပုန်တို့၏ အကြမ်းဖက်မှုများ မြင့်တက်လာပြီးနောက် လုံခြုံရေးများကို တိုးမြှင့်ရန် အာဏာသိမ်းစစ်အစိုးရခေါင်းဆောင်က မတ် ၁၄ ရက်တွင် အမိန့်ထုတ်ခဲ့သည်။ မတ် ၁၃ ရက် တစ်ညလုံး ပစ်ခတ်မှုများ ဖြစ်ပေါ်ပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါနေ့ ညပိုင်းက စစ်သွေးကြွများ၏ တိုက်ခိုက်မှုများမှာ အသေးစားတိုက်ခိုက်မှုများသာ ဖြစ်သော်လည်း ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကာ အစိုးရအရာရှိ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

       “အစိုးရအနေနဲ့ အခုလို ဥပဒေပြင်ပက လုပ်ရပ်တွေကို လက်မခံနိုင်ပါဘူး”ဟု စစ်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဆန်ဆန်ကွာကူနတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက လူနေထူထပ်သည့် နေရာများတွင် လုံခြုံရေးများကို မြှင့်တင်ရန်လည်း အမိန့်ထုတ်ထားသည်ဟု သိရသည်။ ၁၂ နှစ်ကြာ သူပုန်ထမှုဖြစ်ပွားနေပြီး အရပ်သားအများစု အပါအ၀င် လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့ရသည့် မွတ်စလင် အများစုနေထိုင်သော ထိုင်းတောင်ပိုင်းစွန်းဒေသများကို အစိုးရက အထူးလုံခြုံရေးဥပဒေဖြင့် အုပ်ချုပ်ထားသည်။ ဗုဒ္ဓဘာသာအများစု နေထိုင်သည့် ထိုင်းနိုင်ငံတွင် မွတ်စလင်သူပုန်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

        ထိုဒေသကို ထိုင်းတို့က လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်တွင် သိမ်းပိုက်ထားကြခြင်း ဖြစ်သည်။ သူပုန်တို့သည် ပစ်ခတ်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ဗုံးခွဲခြင်း အစရှိသော ရက်စက်သည့် နည်းလမ်းများကို အသုံးပြုနေကြပြီး ရံဖန်ရံခါတွင် အစိုးရတာဝန်ကို ထမ်းဆောင်နေသော ကျောင်းဆရာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။ ထိုင်းစစ်ဘက်ကလည်း နှိပ်စက်ခြင်း၊ တရားဥပဒေကို ကျော်လွန်ကာ သတ်ဖြတ်ခြင်း အစရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပုံမှန်ကျူးလွန်နေသည်ဟု စွပ်စွဲခံနေရသည်။

        စစ်အစိုးရက ကတိပြုထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း တိုးတက်မှု အနည်းငယ်သာရှိသေးသည်။ တောင်ပိုင်းဒေသတွင် ယခင်နှစ်အတွင်းက အကြမ်းဖက်မှုများ စံချိန်တင် ကျဆင်းခဲ့ရာမှ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းကမှ တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။ တက်ကြွလှုပ်ရှားသည့် အဖွဲ့များက ဒေသတွင်း၌ တင်းကျပ်သည့် လုံခြုံရေးကွန်ရက်ကို ချထားသရွေ့ ငြိမ်းချမ်းရေးကို ရရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

      http://news-eleven.com/


15 Mar 2016     1,279 Views




RELATED

Most Popular of Special or Others

Most Popular of NEWS