BEC-TERO TV

နေပြည်တော် မှာ ယောက်ျားကိုသတ်ပြီး မိန်းမကို အဓမ္မပြုကျင်ခဲ့သူတွေကို မသေမချင်း ကြိုးကွင်းစွတ် သတ်မိန့်ချမှတ်ခဲ့ပြီ

16 Mar 2016     1,370 Views


နေပြည်တော် ကောင်စီနယ်မြေတွင် ယောင်္ကျားဖြစ်သူအား ဓားဖြင့်ထိုးသတ်ပြီး ဇနီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တွင် အမှုကျူးလွန်သူ တရားခံ လေးဦးအနက် သုံးဦးအား ဒက္ခိဏခရိုင်တရားရုံးက မတ်လ ၁၆ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

အမှုကျူးလွန်သူ လေးဦးအ နက်သုံးဦးမှာ အသက် ၁၈ နှစ် ကျော်လွန်သူများ ဖြစ်သဖြင့် ဒက္ခိဏခရိုင်တရားရုံး ဒုတိယတရားသူကြီးက သေဒဏ်ချမှတ်ခဲ့ပြီး ကျန်တစ်ဦးမှာ အသက် ၁၅ နှစ်နှင့် ၁၆ နှစ်ကြားဖြစ်၍ ဇဗ္ဗူသီရိမြို့နယ် တရားရုံးတွင် ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

အသက်အရွယ် ပြည့်ပြီးဖြစ်သည့် အောင်တင်မျိုး(ခ)အောင်ပိုင် အသက် (၂၁)နှစ်၊ ကျော်မောင်(ခ) ဇော်ဇော်အောင် အသက် (၁၉) နှစ် နှင့် ဇော်လေး(ခ)ဇော်မျိုးသူ အသက် (၂၁)နှစ်တို့အား ဒက္ခိဏခရိုင် ဒုတိယတရားသူကြီးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန် အမိန့်ကို ဒက္ခိဏ ခရိုင်တရားသူကြီး (၂) ဦးကျော် သောင်းအောင်က အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ၎င်းတို့သုံးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ အရ ထောင်ဒဏ်ငါးနှစ်နှင့် ကျော်မောင် (ခ) ဇော်ဇော်အောင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ အရ ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

"သူတို့နဲ့အတူ အမှုကျူးလွန်ခဲ့တဲ့ ကလေးဖြစ်တဲ့ မောင်မျိုးခေါ် မျိုးဇော်ဝင်းကို ဇဗ္ဗူသီရိမြို့နယ်တ ရားရုံးမှာ စစ်ဆေးနေပါတယ်။ သူ့ကို သီးခြားခွဲပြီး တရားစွဲရတာကတော့ ကလေးသူငယ်မှုခင်းတွေကို မြို့နယ်တရားသူကြီး တွေကသာ စစ်ဆေးစီရင်ပိုင်ခွင့် ရှိပါတယ်။ အဲ့ဒါကြောင့် မြို့နယ်တရားရုံးမှာ စစ်ဆေးတာပါ" ဟု ဒုတိယခရိုင်တရားသူကြီး ဦးသန်းလွင်က ပြောကြားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့ည ၁၂ နာရီကျော် အချိန်တွင် အသက် ၁၆ နှစ် အရွယ် လင်မယားစုံတွဲမှာ လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာမှ နေပြည်တော်သို့ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် Junction Centre အကျော်၌ လာလမ်းအတိုင်း ဆိုင်ကယ်ပြန်ကွေ့ရာ အမည်မသိ ဆိုင်ကယ်နှစ်စီး မောင်းနှင်သည့် လူလေးဦးနှင့်တွေ့ရှိပြီး ၎င်းတို့မှ ခြိမ်းခြောက်ပြောဆိုကာ လင်မယားစုံတွဲ စီးလာသည့် ဆိုင်ကယ်အား ဆိုင်ကယ်နှစ်စီးဖြင့်ညှပ်၍ ခေါ်ဆောင်သွား ခဲ့ရာ Junction Centre နောက်ကျော် သံတမန်ဇုန် (B) လမ်း၊ လမ်းသွယ်အရောက်တွင် ဆိုင်ကယ်အား တွန်းလှဲခဲ့ပြီး ယောင်္ကျားဖြစ်သူအား အမည်မသိ လူနှစ်ဦးမှ ဆွဲခေါ်ကာ ဓားဖြင့်ထိုးခဲ့ကြပြီး ကျန်နှစ်မှ အမျိုးသမီး ဖြစ်သူအား အဓမ္မ ပြုကျင့်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် တရားခံလေးဦးအား (ပ)၉၈/၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၇၆ ဖြင့် ဒက္ခိဏသီရိမြို့နယ် ပေါက်တောရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


16 Mar 2016     1,370 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS