BEC-TERO TV

ကမ္ဘာကျော် လူငယ်အမျိုးသမီး အဆိုရှင် သုံးဦး သင်္ကြန်ကာလ မတိုင်မီတွင် ရန်ကုန်မြို့သို့ လာရောက် ဖျော်ဖြေမည်

21 Mar 2016     1,305 Views


ကမ္ဘာကျော် လူငယ်အမျိုးသမီး အဆို ရှင်သုံးဦးသည် သင်္ကြန်ကာလ မတိုင်မီတွင် ရန်ကုန်မြို့သို့ လာရောက် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ' Voice of Angels' ဟု အမည်ပေးထားသည့် အဆိုပါ ဖျော်ဖြေပွဲကို ဧပြီ ၈ ရက်တွင် ရန်ကုန်မြို့ Chatrium Hotel Pool Side ၌ ပြုလုပ်မည်ဖြစ်ပြီး လာရောက် ဖျော်ဖြေမည့် အနုပညာရှင်များမှာ အမေရိကန် အဆိုတော် Karina Pasian၊ အမေရိကန် အဆိုတော် သရုပ်ဆောင် Paula D နှင့် ဖိလစ်ပိုင်အဆိုတော် သရုပ်ဆောင် Charice တို့ လာရောက်ဖျော်ဖြေရန် စီစဉ်ထားခြင်း ဖြစ်သည်။

"မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ မတိုင်မီမှာ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဖျော်ဖြေပွဲတစ်ပွဲကိုစီစဉ်ဖို့ စိတ်ကူးနဲ့ ပြုလုပ်ဖြစ်တာပါ။ ဒီလိုစီစဉ်ရာမှာ ပါဝင်မယ့် အမျိုးသမီး အဆိုရှင် သုံးဦးလုံးက လူငယ်တွေဖြစ်သလို ကမ္ဘာကျော် အဆိုတော်တွေ ဖြစ်ကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင် Talent နဲ့ အဆိုပညာတွေကလည်း အရမ်းကို ထူးချွန်ကောင်းမွန်တယ် ဆိုတာကို နိုင်ငံတကာက အသိအမှတ်ပြု ထားရတယ်။ ဒါကို မြန်မာပရိသတ်တွေ ခံစားနိုင်စေဖို့အတွက် စီစဉ်ဖြစ်တာပါ။ ဒီဖျော်ဖြေပွဲမှာ ညစာစားရင်းနဲ့ ဂီတအရသာကို အေးအေးဆေးဆေး ခံစားနိုင်မယ့် အစီအစဉ်မျိုးပါ" ဟု အဆိုပါ ဖျော်ဖြေပွဲအား စီစဉ်သည့် Living Sound Entertainment မှ ကိုဂျော်မရမ်က ရှင်းပြသည်။

'Voice of Angels' ဂီတဖျော်ဖြေပွဲတွင် လာရောက်ဖျော်ဖြေမည့် အမေရိကန် အဆိုတော် Karina Pasian သည် အသက် ၂၅ နှစ် ရှိပြီဖြစ်ပြီး အဆိုတော် တေးရေးဆရာနှင့် စန္ဒရားတီးခတ်သူ တစ်ဦးဖြစ်သည်။ ငယ်စဉ်ကပင် ဂီတပညာကို ထူးချွန်သူဖြစ်ကာ ၂၀၀၇ ခုနှစ်တွင် Karina သည် အိမ်ဖြူတော်၌ သမ္မတဂျော့ဒဘလျူဘုရှ်ကို ဖျော်ဖြေတင်ဆက်ခွင့် ရခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ပထမဆုံးအယ်လ်ဘမ် First Love ကို ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု များပြားခဲ့ကာ ၂၀၀၉ ခုနှစ်တွင် 'Halo' တေးသီချင်းကို သီဆိုအောင်မြင်ခဲ့သူလည်း ဖြစ်သည်။

အမေရိကန်အဆိုတော် သရုပ်ဆောင် Paul D DeAnda သည် အသက် ၂၇ နှစ်ရှိပြီဖြစ်ကာ Pop, Dance နှင့် R&B သီချင်းများ သီဆိုသူ တစ်ဦးဖြစ်သည်။ သူမ၏ 'Doing Too Much' တေးသီချင်းမှာ ထင်ရှားအောင်မြင်ခဲ့ပြီး 'Walk Away (Remember Me)' တေးသီချင်းမှာ Billboard Hot 100 အဖြစ် ပါဝင်ခဲ့သည်။

ထို့အပြင် ဖိလစ်ပိုင်အဆိုတော် သရုပ်ဆောင် Charice သည် အသက် ၂၄ နှစ်ရှိပြီ ဖြစ်ကာ အဆိုတော် သရုပ်ဆောင် သီချင်းရေးဆရာနှင့် Music Producer အဖြစ် အောင်မြင်သူ တစ်ဦးဖြစ်သည်။ You Tube မှတစ်ဆင့် အောင်မြင်လာခဲ့သူ Charice သည် အစီအစဉ် တင်ဆက်သူ အော်ပရာဝင်းဖရေးက 'The Most Talented Girl in the World' အဖြစ် မှတ်ချက်ပြုခံခဲ့ရသူ ဖြစ်သည်။ Charice သီဆိုထားသည့် 'Pyramid' တေးသီချင်းမှာ အောင်မြင်သည့် တေးသီချင်းတစ်ပုဒ်ဖြစ်သည်။

Living Sound Enetertainment သည် 2NE1၊ Sean Kingston အပါအ၀င် နိုင်ငံတကာ ဖျော်ဖြေပွဲများကို တင်ဆက်ခဲ့ပြီး ဖြစ်သည်။

http://news-eleven.com/


21 Mar 2016     1,305 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment