BEC-TERO TV

ပါရာစီတမောလ်သည် အဆစ်အမြစ်ရောင်ရမ်းနာအတွက် ထိရောက်မှုမရှိ

24 Mar 2016     1,331 Views


လူသုံးများသော အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်သည့် ပါရာစီတမောလ်သည် သက်ကြီးပိုင်း ပုဂ္ဂိုလ်များတွင် ဖြစ်ပွားတတ်သော အရိုးအဆစ်ရောင်ရမ်းနာကို ကုသရာတွင် အထောက်အကူ မပြုကြောင်း မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော သုတေသနကို ကိုးကားကာ အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ နာကျင်မှုသက်သာရန်နှင့် ပိုမိုကောင်းမွန်စွာ သွားလာနိုင်ရန်အတွက် သောက်သုံးသော အဆိုပါဆေးသည် မဖြစ်စလောက်သာ ထိရောက်မှုရှိကြောင်း လူနာပေါင်း ခြောက်သောင်းနီးပါးကို လေ့လာခဲ့သော ဆေးဝါးစမ်းသပ်မှု ၇၄ ခုအား ကျယ်ကျယ်ပြန့်ပြန့်စစ်တမ်းကောက်ယူခဲ့မှုအရ သိရသည်။

ပါရာစီတမောလ်သည် အဆစ်အမြစ်ရောင်ရမ်းနာကြောင့်ဖြစ်သော နာကျင်မှုကို ထိထိရောက်ရောက် သက်သာ ပျောက်ကင်းစေခြင်း မရှိကြောင်း သုတေသနတွေ့ရှိမှုများက ပြနေသည်ဟု ဆွစ်ဇာလန်နိုင်ငံ ဘမ်းတက္ကသိုလ်မှ သုတေသီနှင့် သုတေသနပညာရှင်ဖြစ်သူ စဗန်ထရယ်လီက ပြောကြားခဲ့သည်။ ထရယ်လီနှင့် အဖွဲ့သည် စတီးရွိက်မပါဝင်သော ရောင်ရမ်းနာပျောက်ဆေးရှစ်မျိုးကို ဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြသည်။ ဆေးအဖုံအမျိုးမျိုးဖြင့် အဆိုပါဆေးများအား တစ်မျိုးတည်းသော်လည်းကောင်း၊ အခြားဆေးဝါးများနှင့် ရော၍လည်းကောင်း သောက်သုံးစေခဲ့သည်။ အဆစ်အမြစ်ရောင်ရမ်းနာအတွက် အကောင်းဆုံးမှာ ဒိုင်ကလိုဖန်းနက်ဟူသော ဆေးဖြစ်ပြီး နိုင်ငံအများတွင် ဗော်လ်တာရန်၊ အက်ကလိုနက်နှင့် ကက်တာဖလမ် စသည့် အမှတ်တံဆိပ်များဖြင့်လည်း ရောင်းချကြသည်။

အဆစ်အမြစ်ရောင်ရမ်းနာသည် အရိုးအဆစ်ရောဂါများတွင် အဖြစ်အများဆုံးဖြစ်ပြီး လူကြီးများတွင် နာကျင်မှု ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းလည်းဖြစ်သည်။ အရိုးစွန်းနှစ်ဖက်ရှိ အကာအကွယ်အရိုးနုသည် အချိန်နှင့်အမျှ ပါးလာသည့်အတွက် တင်းတောင့်ပြီး စိုးရိမ်ဖွယ်ရာ နာကျင်မှုကို ဖြစ်စေသည်။ ထိခိုက်မှုအများဆုံး အဆစ်အမြစ်များမှာ လက်များ၊ ဒူးခေါင်းများ၊ တင်ပါးနှင့် ကျောရိုးနေရာများမှ ဖြစ်ကြသည်။ ထို့နောက် အခြေအနေမှာ တဖြည်းဖြည်းဆိုးဝါးလာပြီး ကုသ၍ မရနိုင်တော့ပေ။ အသက်ခြောက်ဆယ်ကျော်လူကြီးများတွင် အမျိုးသမီး၁၈ရာခိုင်နှုန်းခန့်နှင့် အမျိုးသား ၉.၅ ရာခိုင်နှုန်းခန့်မှာ အဆိုပါရောဂါကို ခံစားနေကြရသည်။

ဤတွေ့ရှိမှုမှာ ၄င်းတို့အတွက် လုံးဝမမျှော်လင့်ထားခြင်းမျိုး မဟုတ်ကြောင်း ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘော်ဒိုးတက္ကသိုလ် ဆေးဝါးပညာဌာနမှ နီကိုလပ်စ်မိုးနှင့် လုပ်ဖော်ကိုင်ဖက် သုံးဦးက ပြောကြားခဲ့သည်။ ပါရာစီတမောလ်ဆေးဝါးသည် ဈေးကွက်တွင်းရှိနေခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နာတာရှည် ရောဂါများကို ကုသရာတွင် ၄င်း၏ အစွမ်းထက်မှုကို မည်သည့်အခါကမျှ တိတိကျကျ ရေရေရာရာ သက်သေပြနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်းကိုလည်း The Lancet ဆေးပညာဂျာနယ်တွင်ပင် ဖော်ပြခဲ့သည့် မှတ်ချက်တစ်ခုတွင် ၄င်းတို့က ရေးသားခဲ့သည်။

Credit ; http://myanmar.mmtimes.com/


24 Mar 2016     1,331 Views




RELATED

Most Popular of Special or Others

Most Popular of NEWS