BEC-TERO TV

ဘဝနဲ့ဆိုင်တဲ့သီချင်းတွေကိုစုပြီး တစ်ကိုယ်တော်အခွေထွက်မယ့် အဆိုတော် ရတနာဦး

25 Mar 2016     1,422 Views


မတ်လ ပထမအပတ်က ကျင်းပပြုလုပ်ခဲ့တဲ့ “အဝေးတစ်နေရာ” ဂီတဖျော် ဖြေပွဲမှာပါဝင်ဖျော်ဖြေခဲ့တဲ့ ရတနာဦးက သူမအနေနဲ့ ဂီတနဲ့ ပတ်သက်လို့ ပရိသတ်ကိုချပြချင်တဲ့ စိတ်ကူးတွေများစွာ ရှိသေးကြောင်း ပြောပါတယ်။ ပရိသတ်တွေအနေနဲ့ ရတနာဦးကို ဂီတစင်မြင့်ထက်မှာ မတွေ့ရတာကြာခဲ့ပါပြီ။ အခုလို မေဆွိ၊ မီမီဝင်းဖေတို့နဲ့အတူ ဖျော်ဖြေပြီးတဲ့နောက်မှာ တစ်ကိုယ်တော်အနေနဲ့ပဲဖြစ်ဖြစ်၊ တခြား အနုပညာရှင်တွေနဲ့ပဲဖြစ်ဖြစ် ဖျော်ဖြေပွဲထပ်လုပ်ဖို့ အစီအစဉ်ရှိဦးမလားလို့ ရတနာဦးကိုမေးတဲ့အခါ ” ရှိဖြစ်မှာပါ။

ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေ တောင်းဆိုနေတာကိုလည်း ကြားတယ်လေ။ ဒီလိုမျိုး အနုပညာ ညီအစ်မတွေတွဲပြီးတော့ အမှတ်တရအဖြစ် ထပ်ပြီးတော့လုပ်ကြမယ် ထင်တယ်။ ကိုယ်ကိုယ်တိုင်လည်း လုပ်ချင်ပါတယ်။ အခြေအနေပေးလာရင်ပေါ့လေ” လို့ ပြောပါတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ နယ်ပွဲတွေ၊ မင်္ဂလာပွဲတွေနဲ့ ၂ဝ၁၆ ခုနှစ်မှာ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာခဲ့တဲ့ ရတနာဦးက ရှေ့မှာ ပြောခဲ့သလို စီးရီးခွေသစ်တွေ ထုတ်ဖို့စိတ်ကူးနေပါတယ်။ ” လက်ရှိစိတ်ကူးနေတဲ့အရာလေးတွေပေါ့။ အကောင်အထည်တော့ ထုတ်မပြောရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ဟာက အရင်မှန်းမသိဘူး။ လောလောဆယ်ကတော့ ပြီးခဲ့တဲ့ “အဝေးတစ်နေရာ” Live Show လေးကို အခွေအနေနဲ့ ပြန်ထုတ် ဖြစ်ချင်ဖြစ်မယ်။ အဲဒါကတော့ ပြန်ညှိရဦးမယ်။

အဲဒါကတော့ စဉ်းစားထားတာရှိတယ်။ အစ်မကတော့လောလောဆယ် Gospel (ဓမ္မတေး) အခွေထုတ်ဖို့ရှိတယ်။ နောက်ပြီးတော့ Own Tune ထဲမှာမှ အချစ်သီချင်းသက်သက် မဟုတ်တော့ဘဲ ဘဝနဲ့ ဆိုင်တဲ့သီချင်းလေးတွေထုတ်ဖို့ စဉ်းစားမိတာရှိပါတယ်” လို့ ရတနာဦးက ဆိုပါတယ်။ အသက်အရွယ်တစ်ခု ရောက်လာတဲ့အချိန်မှာ အနုပညာအပေါ် ဘယ်လိုခံယူထားသလဲဆိုတဲ့ အမေးကို ရတနာဦးက “ဒီအနုပညာက အစ်မတို့ရဲ့အသက်သွေးကြောထဲမှာ ကိုယ့်အသက်နဲ့အတူ အမြဲတမ်းစီးဆင်းနေတာ ဖြစ်တဲ့အတွက် အနုပညာကို လုပ်နိုင်တဲ့အချိန်ထိ လုပ်သွား မှာဖြစ်တယ်။

တောက်လျှောက် အားပေးလာခဲ့တဲ့ ပရိသတ် တွေအပေါ်မှာလည်း အကောင်းဆုံး ပြန်လည်ပြီးတော့ အနုပညာနဲ့ အလုပ်အကျွေးပြုသွားဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်ပြီးတော့ အားပေးတဲ့အတွက်လည်း အစ်မတို့အနေနဲ့ ဂုဏ်ယူတယ်။ ဒီပရိသတ် တွေဆီကနေပြန်လာမယ့် Feedback တွေ အကုန်လုံးကို အလေးအနက်ထားပြီး ဂီတကိုပုံဖော်တဲ့နေရာမှာ အသုံးပြုသွားပါမယ်” လို့ ပြောပြခဲ့ပါတယ်။

http://popularmyanmar.com/afpopular/


25 Mar 2016     1,422 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment