BEC-TERO TV

အာပူလျှာပူ (ရခိုင်မုန့်တီ)

30 Mar 2016     1,511 Views


ပူပူစပ်စပ်လည်း စားချင်တယ်၊ ရခိုင်အစားအစာတွေကိုလည်း ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အားလုံး ပြေးမြင်မိကြမှာက ရခိုင်မုန့်တီနဲ့ မုန့်ဖတ်သုပ်ပေါ့။ ဒီလို အပူပြင်းတဲ့ ရာသီနဲ့ မလိုက်ဖက်ပေမယ့် ရန်ကုန်လမ်းမတွေ ထက်မှာတော့ ရာသီအချိန်မရွေး အားပေးသူတွေနဲ့ ပြည့်နေတတ်တာက ဒီလို မုန့်တီဆိုင်လေးတွေဆိုတာ ငြင်းလို့မရပါဘူး။

တချို့တွေကျတော့ နေမကောင်းတဲ့အချိန်၊ ခံတွင်းပျက်နေတဲ့ အချိန်မှာ ဒီရခိုင်မုန့်တီကို ငရုတ်သီးစိမ်း အစပ်များများနဲ့ မန်ကျည်းသီးအချဉ်နိုင်နိုင်ထည့်၊ ငါးငံပြာရည်လေးဖြည့်လို့ တွယ်လိုက်တာနဲ့ ပျက်နေတဲ့ခံတွင်း ပြန်ကောင်းလာပါလေရော။ မြန်မာတိုင်း(မ်)က မိတ်ဆက်ပေးချင်တဲ့ ဒီတစ်ပတ်ပလက်ဖောင်းဘေးဆိုင်ကတော့ လမ်း ၅၀ (ဗိုလ်ချုပ်လမ်း) ရခိုင်မုန့်တီနှင့် ပင်လယ်စာအသုပ်စုံဆိုင်လေးပဲ ဖြစ်ပါတယ်။ ဆိုင်နာမည်ကို ဖတ်လိုက်တာနဲ့ ဆိုင်တည်ရှိရာနေရာကို မှန်းဆနိုင်မှာပါ။ ဟုတ်ပါတယ်၊ ဒီဆိုင်လေးက ဗိုလ်ချုပ်လမ်းထောင့်၊ လမ်း ၅၀ နဲ့ ၅၁ လမ်းကြား (၅၁ လမ်းယာဉ်ထိန်းရဲရုံးနား)မှာ ဖွင့်လှစ်ထားတာပါ။

လက်လုပ်မုန့်တီဖတ်နဲ့ ငါးဖတ်များတဲ့ မုန့်တီဟင်းရည်လက်ရာတွေကြောင့် ဒီဆိုင်လေးမှာ ဖောက်သည်တွေနဲ့ အမြဲလိုလို စည်ကားနေတတ်ပါတယ်။ မုန့်တီဟင်းရည်တစ်ပွဲ (အလွတ်) ကျပ် ၃၀၀ ဖြစ်ပြီး ငါးဖယ် (သို့) အကြော်ထည့်ရင်တော့ ကျပ် ၄၀၀ ပါ။ မုန့်တီသုပ် (အလွတ်)တစ်ပွဲကို ကျပ် ၅၀၀ နဲ့ ငါးဖယ် (သို့) အကြော်ထည့်ရင်တော့ ကျပ် ၆၀၀ ပါ။ ပင်လယ်စာအသုပ်တွေဖြစ်တဲ့ ခုံးယောင်းမသုပ်၊ ပြည်ကြီးငါးသုပ်၊ ပင်လယ်ခရုသုပ်၊ ငါးနီတူခြောက်သုပ်၊ အရွက်စုံသုပ် စတာတွေနဲ့ တွဲဖက်စားသောက်နိုင်တဲ့အပြင် အစပ်ပြေ ထန်းလျက်ရည်နိုင်နိုင်နဲ့ မုန့်လက်ဆောင်းကိုလည်း တစ်ပွဲကျပ် ၃၀၀ နှုန်းနဲ့ နှုတ်မြိန်စာအဖြစ် သုံးဆောင်နိုင်ပါသေးတယ်။ ဒီဆိုင်လေးကို ပိတ်ရက်မရှိဘဲ နေ့စဉ်မွန်းလွဲ ၁ နာရီနောက်ပိုင်းကစလို့ ည ၇ နာရီ၊ ၈ နာရီလောက်အထိ ဖွင့်လှစ်ရောင်းချပါတယ်။

Credit ; http://myanmar.mmtimes.com/


30 Mar 2016     1,511 Views




RELATED

Most Popular of Special or Others

Most Popular of NEWS