BEC-TERO TV

၅ ကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖို့ပြင်ဆင်နေတဲ့ မြောက်ကိုးရီးယား

21 Apr 2016     1,875 Views


မြောက်ကိုရီးယားက ၅ ကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုပြုလုပ်ရန် ပြင်ဆင်နေသည်ကို ထောက်လှမ်းတွေ့ရှိထားကြောင်း တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးက ပြောကြားလိုက်သည်။

မည်သည့်လက္ခဏာရပ်များတွေ့ရှိရသဖြင့် နျူကလီးယားစမ်းသပ်မည်ဟု ယူဆကြောင်းကို သမ္မတပက်ဂွမ်ဟေးက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း သူမ၏စစ်တပ်ကိုမူ အသင့်အနေအထားရှိနေကြရန် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ နျူကလီးယားစမ်းသပ်မှုများပြုလုပ်လေ့ရှိရာဒေသတ၀ိုက်တွင် လှုပ်ရှားမှုများတွေ့ရှိ ရကြောင်း ဒေသတွင်းသတင်းဌာနများကဖော်ပြခဲ့ပြီးနောက်တွင် သမ္မတပက်ဂွမ်ဟေး၏ ယခုပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍မြောက်ကိုရီးယားကသာ နျူကလီးယားစမ်းသပ်မှုအမှန်တကယ် ထပ်မံပြုလုပ်လာခဲ့ပါက ယင်းလုပ်ရပ်မှာ ပြီးခဲ့သောလအတွင်းက ကုလသမဂ္ဂက ၎င်းအပေါ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ခဲ့ခြင်းကို မကျေနပ်ကြောင်းဖော်ပြသည့် နောက်ထပ်လုပ်ရပ်တစ်ခုဟု ယူဆရမည်ဖြစ်သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သော ဇန်န၀ါရီလအတွင်းက ၎င်း၏စတုတ္ထအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်းတွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတစ်ခုကိုထပ်မံပြုလုပ်ခဲ့ရာ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်လာခဲ့သည်။

လေ့လာသူများကမူ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားစမ်းသပ်မှုနောက်ထပ်တစ်ကြိမ် ပြုလုပ်မည်ဆိုပါက မေလတွင် ကျင်းပမည့် အလုပ်သမားပါတီညီလာခံမတိုင်မီပြုလုပ်သွားဖွယ်ရှိသည်ဟု သုံးသပ်လျှက်ရှိသည်။

 


21 Apr 2016     1,875 Views




RELATED

Most Popular of International News

Most Popular of NEWS