BEC-TERO TV

ဂျပန်က ပြည်တွင်းထုတ် စတဲ့သ် တိုက်လေယာဉ်ကို ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု အောင်မြင်

23 Apr 2016     1,331 Views


ဂျပန်က ပြည်တွင်းထုတ် စတဲ့သ်တိုက် လေယာဉ်ကို ဧပြီ ၂၂ ရက်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ရာ ရေဒါစနစ်ကို ရှောင်တိမ်းနိုင်သော နည်းပညာ အသုံးပြုနိုင်သည့် ကမ္ဘာ့စစ်ဘက် အင်အားကြီး နိုင်ငံများ အဖွဲ့တွင် ပါဝင်လာခဲ့ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ရေးဆွဲခဲ့သော အခြေခံဥပဒေအရ စစ်အင်အားအသုံးပြုမှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခံထားရသော်လည်း နည်းပညာထိပ်တန်း နိုင်ငံဖြစ်သော ဂျပန်သည် ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပြီး တရုတ်၏ စစ်အင်အား တိုးချဲ့မှုကြောင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုသစ်များ ရင်ဆိုင်နေရစဉ် ဂျပန်က စတဲ့သ်တိုက်လေယာဉ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ပြည်တွင်းထုတ် X-2 ဂျက်တိုက်လေယာဉ်ကို နိုင်ငံအလယ်ပိုင်း နာဂိုယာရှိ လေဆိပ်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြုလုပ်စဉ် ဒါဇင်နှင့်ချီသော လေကြောင်း စိတ်ဝင်စားသူများက လက်ခုပ်သြဘာ ပေးခဲ့ကြသည်။ အနီနှင့်အဖြူ စတဲ့သ် တိုက်လေယာဉ်သည် ဂျပန်စစ်ဘက် တိုက်လေယာဉ်နှစ်စင်း လိုက်ပါစောင့်ကြပ်လျက် မိုးပေါ်သို့ ပျံတက်သွားမှုကို ရုပ်သံများက ထုတ်လွှင့်ခဲ့သည်။ လေယာဉ်မှူးတစ်ဦး လိုက်ပါနိုင်သော ယင်းရှေ့ပြေးပုံစံ လေယာဉ်သည် ၂၅ မိနစ်ကြာ ပျံသန်းမှုပြုလုပ်ခဲ့ပြီး မည်သည့်ပြဿနာမျှ မကြုံခဲ့ရဘဲ နာဂိုယာ လေဆိပ်၏ မြောက်ဘက် ဂီဖူလေတပ်စခန်းသို့ ဘေးကင်းစွာ ဆင်းသက်ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန၏ လက်နက်ပစ္စည်းများ ၀ယ်ယူရေး အေဂျင်စီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြေပြင်စမ်းသပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုနှင့် လေယာဉ်မှ စွန့်ခွာသည့်စနစ်တွင် အသုံးပြုသော ကိရိယာများ ချွတ်ယွင်းမှုများကြောင့် အစီအစဉ် ယာယီရွှေ့ဆိုင်း ခဲ့ရကြောင်း သိရသည်။ Mitsubishi Heavy Industries နှင့် အခြားကုမ္ပဏီ ၂၀၀ ခန့်က ပူးပေါင်းတည်ဆောက်ခဲ့သော X-2 စတဲ့သ်တိုက်လေယာဉ်သည် အလျား ၁၄ ဒသမ ၂ မီတာ (၄၇ ပေ) နှင့် အနံ ၉ ဒသမ ၁ မီတာရှိကာ အမေရိကန်နှင့် ပူးတွဲတည်ဆောက်ခဲ့သော X-2 ဂျက် တိုက်လေယာဉ်များကို ဆက်ခံမည့် လေယာဉ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်က ယင်းစီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ယန်း ၃၉ ဒသမ ၄ ဘီလျံ (ဒေါ်လာ ၃၃၂ သန်း) အသုံးပြု၍ တည်ဆောက်ခဲ့ရသည်ဆိုသော ယင်းလေယာဉ်ကို လာမည့်လတွင် ကာကွယ်ရေး ၀န်ကြီးဌာနထံ ပေးပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ အချက်အလက်များကို ဆက်လက်ခွဲခြမ်း လေ့လာပြီး ယင်းလေယာဉ်၏ စတဲ့သ်တိုက် လေယာဉ်စွမ်းဆောင်နိုင်မှုကို စစ်ဆေးမည် ဖြစ်ကြောင်း ယင်းအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ထုတ်ပြန်ခဲ့သည်။ လတ်တလောတွင် လူလိုက်ပါနိုင်သော စတဲ့သ်တိုက်လေယာဉ်များကို တည်ဆောက် အသုံးပြုနိုင်သော နိုင်ငံများမှာ အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ဖြစ်ကြောင်း နိုင်ငံတကာက အသိအမှတ်ပြုထားသည်။ ဂျပန်သည် Mitsubishi Heavy က တည်ဆောက်ခဲ့သော ပထမဆုံး ပြည်တွင်းထုတ် ခရီးသည်တင် ဂျက်လေယာဉ်ကို ပြီးခဲ့သော နိုဝင်ဘာတွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

http://news-eleven.com/


23 Apr 2016     1,331 Views




RELATED

Most Popular of International News

Most Popular of NEWS