BEC-TERO TV

မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်သွားပြီဟု ကြေညာ

25 Apr 2016     1,549 Views


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည် တစ်စင်းအား အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဧပြီ ၂၄ ရက်က ဖော်ပြခဲ့သည်။ ကင် က အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို မည်သည့်အချိန်တွင်မဆို တိုက်ခိုက်နိုင်မည့်စွမ်းရည် ရှိသွားပြီဖြစ်ကြောင်းလည်း ကြေညာခဲ့သည်ဟု သိရသည်။ ဧပြီ ၂၃ ရက်က ပြုလုပ်ခဲ့ဖွယ်ရသည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စည်းမျဉ်းများကို ချိုးဖောက်ရာရောက်သည်ဟု အမေရိကန်နှင့် ဗြိတိန်တို့က ထုတ်ပြန်ခဲ့ပြီး ဒေသတွင်း၌ မငြိမ်မသတ်ဖြစ်စေမည့် နောက်ထပ်လုပ်ရပ်များ လုပ်ဆောင်ခြင်းကို ထိန်းချုပ်ရန် တောင်းဆိုခဲ့သည်။

ဂျပန်ပင်လယ်ထဲရှိ မြောက်ကိုရီးယား ရေငုပ်သင်္ဘောတစ်စင်းမှ ပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည်သည် ကီလိုမီတာ ၃၀ (၁၈ မိုင်) အထိ ပျံသန်းနိုင်ခဲ့သော်လည်း ယင်းစမ်းသပ်မှုမှာ အောင်မြင်ခဲ့ဖွယ်မရှိဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က ယခုစမ်းသပ်မှုက ကိုရီးယားပုံစံ ရေအောက်မှ ပစ်ခတ်သည့်စနစ်အပေါ် ယုံကြည်စိတ်ချနိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု အခိုင်အမာဖော်ပြခဲ့ပြီး ကင်ဂျုံအွန်ကိုယ်တိုင် စမ်းသပ်မှုကို ကြီးကြပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ “ကြိုးဆွဲခံ တောင်ကိုရီးယားအင်အားစုတွေနဲ့ အမေရိကန်နယ်ချဲ့တွေကို ကြိုက်တဲ့အချိန်မှာ ပစ်ခတ်နိုင်ပါပြီ”ဟု ကင်က ပြောကြားခဲ့ကြောင်းကိုလည်း သတင်းထဲတွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားခြိမ်းခြောက်မှုကို ပိုမိုကြီးမားလာစေမည့် ရေငုပ်သင်္ဘောမှ ပဲထိန်းဒုံးကျည် ပစ်လွှတ်သည့် SLBM ဒုံးကျည်နည်းပညာ ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေသည်။ အကယ်၌ မြောက်ကိုရီးယားအနေနှင့် SLBM ဒုံးကျည်စမ်းသပ်မှုကို အောင်မြင်ပါက ကိုရီးယားကျွန်းဆွယ်နှင့် များစွာဝေးကွာသည့်နေရာများ၌ သွားရောက် တပ်ဖြန့်နိုင်မည်ဖြစ်ကာ နျူကလီးယား လက်တုံ့ပြန်တိုက်ခိုက်မှုပင် ပြုလုပ်လာနိုင်မည် ဖြစ်သည်။ မြောက်ကိုရီးယားက ၎င်းင်းတို့သည် အောင်မြင်သော SLBM စမ်းသပ်မှုများစွာကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ကြေညာခဲ့သည်။

သို့သော် ကျွမ်းကျင်သူများက ယင်းကြေညာချက်များနှင့် ပတ်သက်၍ မေးခွန်းထုတ်နေကြဆဲ ဖြစ်သည်။ မြောက်ကိုရီးယားတွင် ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်မည့် ပါတီညီလာခံကြီးကို လာမည့်လ အစောပိုင်းတွင် ကျင်းပရန် ရှိသည်။ မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းများ တိုးတက်လာမှုအတွက် ကင်ကို ၀ိုင်းဝန်း ချီးကျူးကြဖွယ်ရှိသည့် ထိုညီလာခံမတိုင်မီ SLBM စမ်းသပ်မှု အောင်မြင်ကြောင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

http://news-eleven.com/


25 Apr 2016     1,549 Views




RELATED

Most Popular of International News

Most Popular of NEWS