BEC-TERO TV

အိမ်တိုင်ရာရောက် ၀န်ဆောင်မှုပေးတဲ့ အင်ဒိုနီးရှားက ကာရာအိုကေဆိုက်ကား

26 Apr 2016     1,274 Views


ကာရာအိုကေစက်တင်ထားတဲ့ အင်ဒိုနီးရှားဆိုက်ကားတစ်စင်းဟာ အစားအသောက်ဆိုင်တန်းတွေဘေးမှာ ရပ်ထားပြီး သီချင်းသံတွေအကျယ်ကြီးထွက်နေပါတယ်။ အနီးအနားကလူတွေက စိတ်အားထက်သန်စွာနဲ့ သီဆိုကခုန်နေကြပါတယ်။ သီချင်းဆိုစက်ဟာ အင်ဒိုနီးရှားတွေ ဘယ်နေရာရောက်ရောက် သီချင်းဆိုချင်တဲ့ အာသီသကို ဖြည့်စွမ်းပေးတဲ့ နည်းပညာသစ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ တစ်ချိန်တုန်းက အရက်သောက်တာ၊ ပြည့်တန်ဆာမှုတွေနဲ့ တစ်တန်းတည်းထားခံရတဲ့ကာရာအိုကေသီဆိုမှုကို အခုဆိုရင် အများက အမြင်ကြည်လာကြပြီး တခြားအာရှဒေသတွေအတိုင်း လူကြိုက်များတဲ့ဖျော်ဖြေရေးတစ်ခုအသွင် ယူဆလာကြပါတယ်။

ကာရာအိုကေဆိုဖို့ လူကြိုက်အများဆုံးနေရာက ဘားတွေဖြစ်နေဆဲပေမယ့် ထူးခြားတဲ့အနေအထားတွေနဲ့ သီချင်းသီဆိုမှုတွေလည်း ဖြစ်ပေါ်လာပါတယ်။ ကာရာအိုကေစွန့်ထွင်လုပ်ငန်းရှင်တွေထဲမှာ ရူဒီ ဟန်တိုရို ပါဝင်ပါတယ်။ သူဟာ သူ့ရဲ့ ခြေနင်းဆိုက်ကားပေါ်တက်၊ အသံထွက်ကောင်းတဲ့ အသံချဲ့စက်တစ်ခုနဲ့ ဗီဒီယိုအရုပ်တွေနဲ့ သီချင်းစာသားတွေဖော်ပြပေးတဲ့ တီဗီသေးသေးတစ်ခုကို တင်ပါတယ်။ “ဒါက ဘတ်စကားဆရာတွေ၊ အိမ်ရှင်မတွေ၊ ကျောင်းသားတွေ၊ တက်စီသမားတွေ ဘယ်သူမဆို လူတိုင်းဆိုနိုင်တဲ့ ကာရာအိုကေပါ” လို့ အသက် ၆၅ နှစ်အရွယ် ပုဂ္ဂိုလ်က အေအက်ဖ်ပီကို ပြောပါတယ်။ သူ့ဘေးမှာ တက်တူးထိုးထားတဲ့လူတစ်ယောက်က ရော့ခ်တေးသွားတစ်ပုဒ်ကို ဟစ်နေပြီး သူ့သူငယ်ချင်းတွေက ဆိုက်ကားဘေးမှာ ကနေကြပါတယ်။

ဟန်တိုရိုဟာ သူ့ရဲ့ ကာရာအိုကေစက်ဘီးနဲ့ ဂျာဗားကျွန်းပေါ်က ဒီပေါ့မြို့ပေါ်မှာ လှည့်လည်နေပြီး သီချင်းဆိုတဲ့သူရှိရင် ရပ်နားလေ့ရှိသလို လမ်းထောင့်တွေမှာလည်း ရပ်လေ့ရှိပါတယ်။ သူ့ကို အမြဲအားပေးတဲ့ အဆိုရှင်တွေရှိပြီး အဓိကက ဘတ်စကားဆရာတွေပါ။ သီချင်းဆိုခက သက်သာပါတယ်။ သုံးပုဒ်ကို ရူပီးယား ၅၀၀၀ (၀.၃၅ ဒေါ်လာ)နဲ့ ခုနစ်ပုဒ်ကို ရူပီးယား ၁၀၀၀၀ ဖြစ်ပါတယ်။ သီဆိုနိုင်တဲ့အထဲမှာ အင်ဒိုနီးရှားရော့ခ်၊ အင်္ဂလိပ်ဂန္တ၀င်သီချင်းတွေနဲ့ အကကို အသားပေးတဲ့ ပြည်တွင်းပေါ့ပ်အမျိုးအစားသီချင်းတွေ ပါဝင်ပါတယ်။ “ကျွန်တော်မိန်းမနဲ့ရန်ဖြစ်တိုင်း ကျွန်တော်ဒီမှာသီချင်းတွေအများကြီး လာဟစ်တယ်” လို့ အသက် ၂၈ နှစ်အရွယ် ဘတ်စကားမောင်းသူ အဗ္ဗဒူ ဟာရစ် ဂျမာလူဒင်က ပြောပါတယ်။ ကာရာအိုကေတီထွင်မှုတိုင်းကတော့ ဈေးသက်သာတာမဟုတ်ပါဘူး။ တချို့တွေက လတ်တလောနှစ်တွေမှာ စီးပွားရေးတိုးတက်လာတဲ့လူတန်းစားကို ပစ်မှတ်ထားကြပါတယ်။

အဲဒီလိုလုပ်ငန်းတစ်ခုကတော့ ကာရာအိုကေစက်တပ်ထားတဲ့ ရထားတွဲတွေဖြစ်ပြီး ရွေ့နေတဲ့ရထားပေါ်မှာ ပါတီပွဲကျင်းပချင်သူတွေအတွက် ရထားတွဲကို ရူပီးယား သန်း ၂၀ ကနေ သန်း ၄၀ ကြားဈေးနဲ့ ငှားရမ်းပါတယ်။ ရထားတွဲပေါ်မှာ လူ ၂၀ ကနေ ၂၈ ယောက်စာအထိ ရွေးချယ်နိုင်ပြီး ရထားတွဲကို ဂျာဗားတစ်ခွင်က ခရီးစဉ် ၇ ခုအနက် တစ်ခုကို ပြေးဆွဲနေတဲ့ရထားတစ်စီးစီးနဲ့ ချိတ်ဆက်လိုက်ပါတယ်။ ဒါ့အပြင် ဂျကာတာမှာ ပါတီဘတ်စကားကိုလည်း ငှားလို့ရပါတယ်။ ဘတ်စကားမှ ကာရာအိုကေစက်တပ်ထားပြီး ကဖို့ စင်မြင့် ၂ ခု၊ လေဆာမီးလုံးတွေလည်း တပ်ထားပါတယ်။ အဲဒါမှ ကားစီးသူတွေဟာ မြို့တော်ရဲ့နာမည်ကျော်လှတဲ့ ယာဉ်ကြောပိတ်ဆို့ချိန်အတွင်း ပါတီပွဲဆင်နွှဲနိုင်ကြမှာဖြစ်ပါတယ်။

“အင်ဒိုနီးရှားတွေက စင်ပေါ်တက်ပြီး သီချင်းဆိုရတော့မယ်ဆိုရင် ရှက်ကြတယ်။ ဒါပေမယ့် သူတို့ကို စာတမ်းထိုးထားတဲ့ တီဗီစခရင်ကြီးကြီးပေးလိုက်တာနဲ့ အသံကောင်းတာ၊ မကောင်းတာကို စိတ်မပူတော့ဘဲ သီချင်းဆိုတော့တာပဲ” လို့ ကာရာအိုကေ၀န်ဆောင်မှုလုပ်ငန်းတစ်ခုကို ထူထောင်ထားတဲ့ ဘန်နီ နာဗာရိုက ပြောပါတယ်။

 


26 Apr 2016     1,274 Views




RELATED

Most Popular of Special or Others

Most Popular of NEWS