BEC-TERO TV

လေကြောင်း တိုက်ခိုက်မှုများအတွင်း အိုင်အက်စ်ပိုင် ငွေသား ဒေါ်လာ သန်း ၈၀၀ မျှထိ ဖျက်ဆီးနိုင်ခဲ့

28 Apr 2016     1,306 Views


လေကြောင်း တိုက်ခိုက်မှုများအတွင်း အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)၏ ငွေကြေးပိုင်ဆိုင်မှု ဒေါ်လာ သန်း ၈၀၀ မျှထိကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က ကြေညာခဲ့သည်။ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော် အခြေစိုက် အမေရိကန် တပ်များ၏ ဗိုလ်ချုပ် ပီတာ ဂါးစတန်းက အမေရိကန် တိုက်လေယာဉ်များသည် အိုင်အက်စ်တို့ သိုမှီး သိမ်းဆည်းထားသည့် ဘဏ္ဍာငွေကြေးများကို ထောက်လှမ်း ဖော်ထုတ်ကာ တောက်လျှောက် ပစ်မှတ်ထား ဖျက်ဆီးနေခဲ့ကြောင်း ဆိုသည်။

အကျိုးရလဒ် အနေဖြင့် အိုင်အက်စ်တို့သည် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို လစာပေးချေရန် အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့လာပြီး အိုင်အက်စ် တပ်ဖွဲ့ဝင်များ ထွက်ပြေးမှုသည် ယခင်ထက် ၉၀ ရာခိုင်နှုန်း မြင့်တက်လာသလို လူသစ်စုဆောင်းနိုင်စွမ်းလည်း သိသာစွာ ယုတ်လျော့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ အမေရိကန်၏ အိုင်အက်စ် ချေမှုန်းမှု စစ်ဆင်ရေး ဒုတိယ ကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူထားသည့် ဂါးစတန်းက ယခုနှစ်အတွင်း အိုင်အက်စ်တို့၏ ငွေကြေးစုဆောင်း သိုဝှက်ထားရာ နေရာများကို တိုက်ရိုက် ချိန်ရွယ်သည့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ဝန်းကျင်ထိ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက အသေးစိတ် အချက်အလက်များကို ထုတ်ပြန်မှု မရှိသော်လည်း မိုဆူးလ်ရှိ အိမ်တစ်လုံးတွင်ပင် ဒေါ်လာသန်း ၁၅၀ ဖိုးမျှ ငွေသားများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုသည်။

အိုင်အက်စ်၏ ရန်သူတော် အင်အားစုများက အဆိုပါ အကြမ်းဖက် စစ်သွေးကြွများ မည်သည့်နေရာတွင် ငွေကြေးများ သိုဝှက်သိမ်းဆည်းထားကြောင်းကို မြေပြင်မှ ထောက်လှမ်းသတင်းပေးခဲ့ပြီး အမေရိကန် လေတပ်က ပစ်မှတ်ရှာ ဗုံးကြဲခဲ့ခြင်းဟု ဂါးစတန်းက ရှင်းပြခဲ့သည်။ ငွေကြေးပမာဏ တိတိကျကျကို ခန့်မှန်းရန် ခက်သော်လည်း ဒေါ်လာ သန်း ၅၀၀ နှင့် သန်း ၈၀၀ ကြားတွင် ရှိလိမ့်မည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ အမေရိကန် ဦးဆောင်သည့် ပူးပေါင်း မဟာမိတ် လေတပ်များသည် အိုင်အက်စ် ထိန်းချုပ်ထားရာ နယ်မြေများရှိ ရေနံတွင်းများကိုလည်း တိုက်ခိုက်ဖျက်ဆီးကာ အိုင်အက်စ်တို့၏ ဘဏ္ဍာရေး အင်အားကို အားနည်း ယုတ်လျော့သွားစေရန် ဗျူဟာချမှတ် အကောင်အထည်ဖော်လျက် ရှိသည်။

Credit ; http://www.7daydaily.com/


28 Apr 2016     1,306 Views




RELATED

Most Popular of International News

Most Popular of NEWS