BEC-TERO TV

သားဖြစ်သူက လေဖြတ်နေသည့် ဖခင်ကို သံပိုက်ဖြင့်ရိုက်သတ်ပြီး မိခင်ကို ခြိမ်းခြောက်ခဲ့

05 May 2016     1,264 Views


လှိုင်သာယာမြို့နယ်တွင် အရက်မူးနေသူက လေဖြတ်နေသူ ဖခင်ကို သံပိုက်ဖြင့် ရိုက်သတ်ခဲ့ပြီး မိခင်ကို ခြိမ်းခြောက်ခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက မေလ ၂ ရက်နေ့က အမှုဖွင့်စစ်ဆေးလျက် ရှိသည်။ မေလ ၁ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဒေါ်ပွန်းကော်သဲ နေအိမ်တွင် လွန်ခဲ့သော ၉ နှစ်ခန့်က လေဖြတ်နေသည့် ခင်ပွန်းဖြစ်သူ ဦးပါလူး (၆၇ နှစ်) အား အိပ်ရန် ခြင်ထောင်ထောင်ပေးနေစဉ် သားဖြစ်သူ အောင်မြင့်(၃၅ နှစ်) အရက်မူးပြီးရောက်လာကာ အရက်ထပ်သောက်ရန်အတွက် ပိုက်ဆံတောင်းရာ မပေးနိုင်ကြောင်း ပြောသဖြင့် ရန်ရှာခဲ့သည်။

ထိုသို့ ရန်ရှာနေသဖြင့် တစ်ရပ်ကွက်တည်းနေ သမီးဖြစ်သူ မနီနီဝင်းနေအိမ်သို့ ညသွားအိပ်ခဲ့ပြီး မေလ ၂ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အိမ်သို့ပြန်လာစဉ် ခင်ပွန်းဖြစ်သူမှာ အိပ်ရာတွင်း မှောက်လျက်အိပ်နေပြီး ခြင်ထောင်ကြိုးများပြုတ်နေသည် ကိုတွေ့ရသည်။ ခင်ပွန်းတွင် မျက်နှာဝဲဘက်ခြမ်း ဖူးရောင်ညိုမဲဒဏ်ရာများ တွေ့ရှိခဲ့ပြီး နှိုးမရဖြစ်နေခဲ့သည်။ ခင်ပွန်းအိပ်ရာအနီးတွင် အောင်မြင့် မှာ အိပ်နေပြီး အနီးတွင် ရေတုံကင်နှိပ်သည့် သံပိုက်လုံးတစ်ချောင်းကို တွေ့ရှိခဲ့သည်။

 အောင်မြင့်ကို အိပ်ရာမှနှိုး၍ ဖခင်ကို ဘာလုပ်တာလဲဟု မေးမြန်းခဲ့ရာ သံပိုက်လုံးဖြင့် ရိုက်နှက်ခဲ့ကြောင်းပြောပြခဲ့ပြီး ၎င်းကိုလည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။ ထိုစဉ် သားဖြစ်သူ မောင်မောင် ရောက်လာပြီး ခင်ပွန်းကို လှိုင်သာယာဆေးရုံသို့တင်ပို့စဉ် သေဆုံးသွားခဲ့သည်။ သောင်ကြီး နယ်မြေရဲစခန်းက(ပ) ၂၇၉/၁၆ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

Credit ; http://myanmar.mmtimes.com/


05 May 2016     1,264 Views




RELATED

Most Popular of Special or Others

Most Popular of NEWS