BEC-TERO TV

မြောက်ကိုရီးယားက ဘီဘီစီ သတင်းထောက်ကို နာရီပိုင်း ထိန်းသိမ်းခဲ့ပြီး နိုင်ငံမှ နှင်ထုတ်

10 May 2016     1,265 Views


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ မိန့်ခွန်းပြောမှုကို ရုပ်သံမှ ထုတ်လွှင့်မှုအား ဂျာနယ်လစ်များက မေ ၆ ရက်တွင် ပြုံယမ်းရှိဟိုတယ်၌ ကြည့်ရှုနေကြစဉ် (Photo:AFP) မြောက်ကိုရီးယားတွင် အာဏာရပါတီ၏ ရှားရှားပါးပါး ပါတီကွန်ဂရက် မကျင်းပမီ ဖော်ပြခဲ့သောသတင်းနှင့် ပတ်သက်၍ ဘီဘီစီသတင်းထောက်တစ်ဦးသည် ထိန်းသိမ်းခံခဲ့ရပြီး ရှစ်နာရီကြာ စစ်ဆေးမေးမြန်းခံခဲ့ရပြီး နောက်ဆုံးတွင် နိုင်ငံမှနှင်ထုတ်ခံခဲ့ရကြောင်း ဘီဘီစီသတင်းဌာနက မေ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားတွင် အထူးအခမ်းအနားများ၌ သတင်းယူရန် ပြည်ပသတင်းထောက်များကို ဖိတ်ခေါ်လေ့ရှိပြီး အလွန်အမင်း တင်းကျပ်ကန့်သတ်မှုများဖြင့် သတင်းယူရလေ့ရှိသည်။ မမှန်ကန်မှု သို့ မဟုတ် လေးစားမှုမရှိမှုဟု ယူဆရသည့် ဖော်ပြမှုများအတွက် ယခင်က ဂျာနယ်လစ်အများအပြားသည် နေရပ်နိုင်ငံများသို့ပြန်ခွင့် ပိတ်ပင်ခံရလေ့ရှိပြီး ယခုကဲ့သို့ ထိန်းသိမ်းခံခဲ့ရပြီးနောက် နိုင်ငံမှ နှင်ထုတ်သည့်ဖြစ်ရပ်သည် မြောက်ကိုရီးယားတွင် အလွန်အမင်း ကြုံခေါင့်ကြုံခဲ ဖြစ်ရပ်ဖြစ်သည်။ ဘီဘီစီသတင်းထောက် ရူးပတ်ဝင်းဖီး- ဟေးယက်စ်က ဘီဘီစီမှ အခြားသတင်းထောက်နှစ်ဦးနှင့်အတူ ပြုံယမ်းရှိလေဆိပ်တွင် မေ ၆ ရက်၌ လေယာဉ်ပေါ်တက်ရန် ပြင်ဆင်နေစဉ် ဟန့်တားခံခဲ့ရပြီး ထိန်းသိမ်းခံခဲ့ရကြောင်း ဘီဘီစီက ထုတ်ပြန်ခဲ့သည်။

ဝင်းဖီး-ဟေး ယက်စ်သည် ၎င်းတို့အဖွဲ့ သွားရောက်ခဲ့သော ဆေးရုံတစ်ရုံ၏ စစ်မှန်မှုကို မေးခွန်းထုတ်ခဲ့သည့် သတင်းဖော်ပြမှုများကြောင့် ယခုကဲ့ သို့ စစ်ဆေးမေးမြန်းခံရခြင်း ဖြစ်ဖွယ်ရှိသည်ဟု သိရသည်။ ၎င်းကို မြောက်ကိုရီးယား လုံခြုံရေးဗျူရိုက ပြုံယမ်းရှိ ဟိုတယ်တစ်ခုတွင် စစ်ဆေးမေးမြန်းပြီး လက်မှတ်ထိုးခိုင်းကာ မေ ၇ ရက် နံနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပါတီကွန်ဂရက်ကို ရူးပတ်ဝင်းဖီး- ဟေးယက်စ်နှင့်အတူ သတင်းယူခဲ့သည့် အခြားသတင်းထောက် ဂျွန်ဆက်ဝါ့သ်က ပြောကြားခဲ့သည်။ ၀င်းဖီးဟေးယက်စ်၏ ဘေးကင်းလုံခြုံရေးကို စိုးရိမ်မှုနှင့် ၎င်းနှင့်အတူ ပါလာသူနှစ်ဦးကလည်း ဟေးယက်စ်မပါပါက နိုင်ငံ မှ မထွက်ခွာဟု ငြင်းဆန်ခဲ့မှုတို့ကြောင့် ၎င်းဖမ်းဆီးခံရပြီးနောက် နှင်ထုတ်ခံရမှုသတင်းကို သိုသိပ်ထားရန် ဘီဘီစီက ကြိုးစားခဲ့ကြောင်း ဆက်ဝါ့သ်က ဆိုသည်။ သို့သော် မြောက်ကိုရီးယား၏ အမျိုးသားငြိမ်းချမ်းရေးကော်မတီက မေ ၉ ရက်အစောပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် ယင်းသတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဝင်းဖီး-ဟေးယက်စ်သည် DPRK (မြောက်ကိုရီးယားကို တရားဝင်ခေါ်ဆိုသော နာမည်၏အတိုကောက်) စနစ်ကို တိုက်ခိုက်မှုနှင့် အပြုသဘောမဆောင်သော သတင်းဖော်ပြမှုတို့အတွက် ၎င်းကို နှင်ထုတ်ခဲ့ကြောင်း ယင်းကော်မတီက ထုတ်ပြန်ခဲ့သည်ဟု မြောက်ကိုရီးယားတွင် အမြဲတမ်းဌာနရှိသော တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီဆင်ဟွာက ဖော်ပြခဲ့သည်။ ပြုံယမ်းတွင် မေ ၆ ရက်က ပါတီကွန်ဂရက် မကျင်းပမီ ရက်အနည်းငယ်လိုကတည်းက ယင်းဘီဘီစီ သတင်းအဖွဲ့သည် သုတေသန ခရီးစဉ်ထွက်လာခဲ့သည့် နိုဘယ်ဆုရှင်များ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လုပ်ကိုင်နေခြင်း ဖြစ်သည်။

Credit ; http://news-eleven.com/


10 May 2016     1,265 Views




RELATED

Most Popular of Special or Others

Most Popular of NEWS