အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအခမဲ့ထိုးပေးရန်စီစဉ်
18 May 2016 1,471 Views

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ထိုးနှံပေးရန် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံပေးမည်ဖြစ်ပြီး ၂၀၁၈ တွင် ထိုးနှံပေးနိုင်ရန် မျှော်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ပြောကြားသည်။
‘‘၂၀၁၈ လောက်မှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးဖို့ မှန်းထားတယ်။ (၁၁)နှစ်၊ (၁၂)နှစ် ဆယ်ကျော်သက် အရွယ်လေးတွေကို အဓိကထား ထိုးပေးမှာပါ။ လစဉ်ထိုးပေးမှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးမည်ဆိုပါက ခြောက်လတစ်ကြိမ်ခြား၍ နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးသည် ကျပ်သုံးသောင်းခွဲခန့် ကုန်ကျနိုင်ကြောင်း သိရသည်။
ထိုးနှံပေးမည့် သားအိမ်ခေါင်းကာကွယ်ဆေးသည် အသက် (၁၅)နှစ်အောက် အမျိုးသမီးငယ်များတွင် အဖြစ်များသော သားအိမ်ခေါင်းရောဂါပိုးနံပါတ် (၁၆) နှင့် (၁၈) တို့ကို တိုက်ထုတ်ပေးနိုင်သဖြင့် ယင်းအသက်အရွယ်ပိုင်း၌ ထိုးနှံထားပါက ကင်ဆာဖြစ်ပွားမှုကို ၉၃ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ကြောင်း သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။
‘‘သားအိမ်ခေါင်းရောဂါပိုး မဝင်သေးတဲ့အရွယ်ဖြစ်တဲ့ (၉)နှစ်ကနေ (၁၃)နှစ်ကြားမှာ ထိုးထားနိုင်ရင် အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သားအိမ်ခေါင်းရောဂါ က လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်လို့ လိင်ဆက်ဆံမှု လုံးဝမပြုလုပ်ရသေးတဲ့အရွယ်တွေမှာ ထိုးထားသင့်ပါတယ်။ ပြီးတော့ ဒီကာကွယ်ဆေးကလည်း သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်ကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်’’ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ရင်သားကင်ဆာပြီးလျှင် သားအိမ်ခေါင်းကင်ဆာသည် ဒုတိယအဖြစ် အများဆုံးရောဂါဖြစ်ပြီး မျိုးပွားအင်္ဂါရောဂါများထဲ၌ အဖြစ်များဆုံးရောဂါလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အမျိုးသမီးဦးရေ ခြောက်ထောင်ကျော်ဖြစ်ပွားပြီး ယင်းရောဂါကြောင့် သေဆုံးသူ သုံးထောင်ကျော်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။
Credit : 7 day daily