BEC-TERO TV

အိုင်အက်စ် အကြမ်းဖက်သမားများကို ၆ လခန့်ကြာ အယုံသွင်းပြီး သတင်းနှိုက်ယူခဲ့တဲ့ ပါရီ သတင်းထောက်

24 May 2016     1,297 Views


ပါရီ - ပြင်သစ်သတင်းထောက် တစ်ဦးသည် ကင်မရာတစ်လုံးကို လျှို့ဝှက်ယူဆောင်ကာအိုင်အက်စ် အဖွဲ့အမည်ဖြင့် တိုက်ခိုက်မှုလုပ်ရန် ကြံစည်နေသော အကြမ်းဖက်သမားများထံသို့ သွားရောက်ပြီး သတင်းဗီဒီယိုရိုက်ကူး သတင်းရယူခဲ့ကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
 
အဆိုပါ အကြမ်းဖက်သမားများကို နောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ကလောင်အမည် ဆာအစ်ရမ်ဇီဟုခေါ်သည့် မွတ်စလင် သတင်းထောက်သည် 'အလ္လာဟ်အရှင်မြတ်၏ စစ်သည်တော်များ' ဟု အမည်ပေးထားသည့် မှတ်တမ်းရုပ်ရှင်တစ်ကားအတွက် ထိုသို့ သတင်းရယူခဲ့ခြင်းဖြစ်သည်။
 
ပြင်သစ်နိုင်ငံ၌ မေ ၂ ရက် ညပိုင်းကပြသခဲ့သော ယင်းမှတ်တမ်းရုပ်ရှင်တွင် လူငယ်အကြမ်းဖက် သမားများ၏ အကြောင်းကို အတွင်းကျကျ တွေ့မြင်ရသည်။
 
နိုဝင်ဘာ ၁၃ ရက်က ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီး လူ ၁၃ဝ သေဆုံးခဲ့ရာ ရမ်ဇီက အကြမ်းဖက်သမားများအနီး ချဉ်းကပ်နိုင်အောင် သူ့ကိုယ်သူ ပါရီမြို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများ၏ မျိုးဆက် မွတ်စလင်တစ်ဦးအဖြစ် ပြောဆိုခဲ့သည်။
 
''ကျွန်တော့် ရည်ရွယ်ချက်က သူတို့မှာ ဘယ်လိုအတွေးအခေါ်မျိုးတွေ၊ ဘယ်လိုစိတ်အခြေအနေမျိုးတွေ ရှိသလဲဆိုတာ အတွင်းကျကျ သိရအောင်လို့ ဖြစ်ပါတယ်'' ဟု ၄င်းက အေအက်ဖ်ပီသို့ပြောကြားခဲ့သည်။
 
''တွေ့လိုက်ရတဲ့ အဓိက သင်ခန်းစာတွေထဲက တစ်ခုကတော့ အစ္စလာမ်ဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မတွေ့ခဲ့ရတာပါပဲ။ ကမ္ဘာ့လူသားတွေ ကောင်းကျိုးအတွက်ဆိုတဲ့ ဆန္ဒလည်းမရှိဘူး။ 
 
ပျက်စီးဆုံးရှုံးမှုတွေ၊ နှောင့်ယှက်ဖျက်ဆီးမှုတွေ၊ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံတာတွေ၊ အလွယ်တကူ ကြိုးကိုင်ခြယ်လှယ်လို့ရတဲ့ လူငယ်တွေ...ဒါတွေပဲတွေ့ခဲ့ရပါတယ်'' ဟု ၄င်းက ဆိုသည်။ 
 
''သူတို့တွေဟာ အိုင်အက်စ်အဖွဲ့ပေါ်ပေါက်လာတဲ့ခေတ်မှာ ကံမကောင်းစွာနဲ့ပဲ လူလာဖြစ်ကြသူတွေ ဖြစ်တယ်။ ဒါဟာ အရမ်းဝမ်းနည်းစရာကောင်းပါတယ်။ သူတို့တွေဟာ လူငယ်လေးတွေ ဖြစ်ကြတယ်။  တစ်ခုခုကို စူးစမ်းရှာဖွေချင်နေကြသူတွေ...အကြမ်းဖက်မှုက သူတို့တွေ့ခဲ့တဲ့အရာပါပဲ'' ဟု ရမ်ဇီက ထပ်လောင်းပြောဆိုခဲ့သည်။
 
အဖွဲ့နှင့် အဆက်အသွယ်ရရန် ပထမဆုံး လုပ်ရမည့်အရာများက အလွန်ပင် လွယ်ကူလှကြောင်း ရမ်ဇီကပြောသည်။
 
ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဂျီဟတ်ဒ်အကြောင်း ပြောဆိုပြီး ဆွယ်နေကြသည့်သူများ၏ စကားများကို တုံ့ပြန်ပြောဆိုပြီး အလိုက်သင့် နေလိုက်ရုံဖြစ်သည်ဟုဆိုသည်။
 
ထို့နောက်တွင် ၄င်းက လူငယ် တစ်ဒါဇင်ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့က 'စော်ဘွား' ဟု အမည်တပ်ထားသူ တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
 
ထိုလူငယ်များထဲမှ အချို့မှာ မွတ်စလင်မိဘများက မွေးဖွားသူများဖြစ်ကြပြီး အခြားသူများမှာ အစ္စလာမ် ဘာသာသို့ ကူးပြောင်းလာသူများ ဖြစ်ကြသည်။
 
၎င်းတို့တွေ့ဆုံသည့်နေရာမှာ ပြင်သစ်နိုင်ငံအလယ်ပိုင်းရှိ မြို့တစ်မြို့ဖြစ်သော Chateauroux မြို့၌ ဖြစ်ပြီး ဆာင်းတွင်းကာလတွင်း အားကစားလေ့ကျင့်ခန်းများလုပ်သည့် လူသူကင်းမဲ့ရာ ကွက်လပ်နေရာတစ်ခုတွင် ဖြစ်သည်။
 
စော်ဘွားဟုဆိုသူမှာ အော့စမာဟု အမည်ရသည့် တူရကီနွယ်ဖွား ပြင်သစ်နိုင်ငံသား လူငယ်တစ်ဦး ဖြစ်သည်။
 
ပထမဆုံးအကြိမ် ၄င်းတို့ ဆုံတွေ့စဉ်တွင် အော့စမာက အဘူဟမ်ဇားဟု ၄င်းတို့ သိထားသည့် ပြင်သစ် သတင်းထောက်ကို စည်းရုံးသိမ်းသွင်းနိုင်ရန် ကြိုးစားခဲ့သည်။ အကယ်၍ အသေခံ ဗုံးခွဲတိုက်ခိုက်မည် ဆိုပါက ကာင်းကင်ဘုံသို့ မလွဲဧကန်ရောက်ရှိမည်ဖြစ်သည်ဟုလည်း ဆိုသည်။
 
''ကောင်းကင်ဘုံကိုသွားဖို့ဆိုရင် ဒီလမ်းကသွားရမှာပဲ'' ဟု အော့စမာက အေးတိအေးစက်ပြုံးရင်း ဆိုလိုက်သည်။
 
''တို့တွေ ကောင်းကင်ဘုံကို အတူတကွ သွားကြရအောင်။ ဟိုမှာ ငါတို့အတွက် နတ်သမီးလေးတွေ ကလည်း အဆင်သင့် စောင့်နေကြတယ်။ အခြွေအရံတွေနဲ့ နန်းတော်ကြီးတစ်ခုလည်းရမယ်။ ရွှေတွေ၊ ကျောက်သံပတ္တမြားတွေ ဆင်ယင်ထားတဲ့ နတ်မြင်းပျံလည်းရမှာ'' ဟု ၄င်းက စည်းရုံး သိမ်းသွင်းခဲ့သည်။
 
ပါရီမြို့ ဆင်ခြေဖုံးဒေသဖြစ်သော စတိန်းရှိ ဗလီတစ်ခုအရှေ့တွင် နောက်တစ်ကြိမ်တွေ့ဆုံကြသည့်အခါ ထိုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက အနီးအနား လေယာဉ်ကွင်းက လေယာဉ်တစ်စင်းကို လက်ညှိုးထိုးပြကာ ''ဒုံးလက်နက် အသေးစားလေး တစ်ခုနဲ့တောင် ဒီလို လေယာဉ်တစ်စင်းကို လွယ်လွယ်လေး အပိုင်စီးနိုင်တယ်။ အိုင်အက်စ်အဖွဲ့ နာမည်နဲ့သာ လုပ်လိုက်...ပြင်သစ်တွေ ရာစုနှစ် တစ်ခုလောက် စိတ်ဒဏ်ရာတွေခံစားကြရမယ်'' ဟုဆိုသည်။
 
အော့စမာကဲ့သို့သော လူငယ်အချို့သည် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အဖွဲ့နှင့် ပူးပေါင်းရန် ကြိုးစားလျက်ရှိသည်။
 
အော့စမာကို တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပြင်သစ်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။
 
ထို့နောက် ငါးလကြာ အကျဉ်းချခံရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့သည်။
 
ပြန်လည် လွတ်မြောက်လာပြီးနောက်လည်း အော့စမာက ၄င်းအဖွဲ့နှင့် လျှို့ဝှက်ပြန်လည် ဆက်သွယ်ပြီး ညွှန်ကြားခဲ့သည်။
 
အဘူ ဆူလိုင်မန်ဆိုသူက ဆီးရီးယားနိုင်ငံ ရတ်ကာမြို့မှ ပြန်ရောက်လာပြီးနောက် ရမ်ဇီနှင့်  ဘူတာရုံတစ်ခုတွင် တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။
 
ထိုတစ်ကြိမ်တွင်မူ ရမ်ဇီတစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသော ဆူလိုင်မန်ပေါ်မလာဘဲ ခေါင်းမြီးခြုံထားသော အမျိုးသမီးတစ်ဦးသာ ရောက်ရှိလာခဲ့သည်။
 
အဆိုပါအမျိုးသမီးက ရမ်ဇီကို စာတစ်စောင်ပေးခဲ့ပြီး ထိုစာထဲတွင် နိုက်ကလပ်တစ်ခုကို ပစ်မှတ်ထားကာ အသေခံဗုံးခွဲတိုက်ခိုက်မည့် အစီအစဉ်ကို ရေးသားထားသည်။သို့သော်လည်း ၄င်းတို့၏ အစီအစဉ်ပျက်ပြားခဲ့ပြီး အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရသည်။
 
လွတ်မြောက်သွားခဲ့သူ အဖွဲ့သားတစ်ဦးကမူ ၄င်းထံသို့ ''လူသားတွေအတွက် မင်း လုပ်ပေးခဲ့တာပဲ'' ဟုရေးသားထားသော စာတစ်စောင်ပို့ခဲ့ကြောင်းနှင့် ၄င်း၏ ခြောက်လကြာ စုံစမ်းစစ်ဆေး သတင်းရယူမှုလည်း ပြီးဆုံးခဲ့ကြောင်း ရမ်ဇီက ပြောပြခဲ့သည်။

24 May 2016     1,297 Views




RELATED

Most Popular of International News

Most Popular of NEWS