BEC-TERO TV

လှိုင်မြို့နယ် (၇) ရပ်ကွက် သံလမ်းတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

01 Jun 2016     1,366 Views


ရန်ကုန်တိုင်းဒေကြီး လှိုင်မြို့နယ် (၇) ရပ်ကွက်၊ သံလမ်းလမ်းမပေါ်တွင် မေ ၃၁ ရက် ည ၇ နာရီခွဲခန့်တွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသည့် ကလေးငယ်သည် ဓာတ်တိုင်အောက် လမ်းပေါ်မှ လမ်းဖြတ် လျှောက်စဉ် မြောင်းထဲသို့ ခြေချော်ကျရာမှ အပေါ်သို့ ပြန်လည် တက်ရောက်ရန်အတွက် ဓာတ်တိုင်ကို ကိုင်လိုက်စဉ် ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။ “ကလေးက ကျွန်တော်နဲ့ မြေးတော်ပါတယ်။ ကလေးက မြောင်းထဲကို ခြေတစ်ဖက် ချော်ကျသွားတယ်။ ချော်ကျတဲ့အချိန်မှာ အပေါ်ကို ပြန်တက်ဖို့ ဓာတ်တိုင်ကို ကိုင်လိုက်တဲ့အချိန်မှာ ဓာတ်လိုက်ပြီး မြောင်းထဲကို ပြန်လိမ့်သွားတယ်။ ကလေးက ၁၀ နှစ်ပဲ ရှိသေးတယ်။ လေးတန်းတက်တော့မှာ။ လျှပ်စစ်ဌာနက ဓာတ်လိုက်တယ် မပြောဘူး။ ကလေးကို ရေနစ်သေတယ်လို့ပြောချင်နေတယ်။ သူက ဓာတ်တိုင်ကို ကိုင်တော့ ဓာတ်မလိုက်ဘူးတဲ့။ မြောင်းက နက်တယ် ဘာတွေပြောပြီး ရေနစ်သေတယ်လို့ ပြောတယ်။ ရေက ဘယ်လောက်မှ မရှိဘူး။

ကလေးလက်မှာ ဓာတ်လိုက်လို့ဖြစ်တဲ့ အမာရွတ်တွေ ဖြစ်သွားတယ်” ဟု သေဆုံးသူကလေး၏ အဘိုးတော်စပ်သူ ဦးကျော်မင်းက ပြောကြားသည်။ “ကလေးကို တွေ့တဲ့အချိန်မှာ လူတွေက အုံနေတယ်။ ဦးကလည်း ကြက်ခြေနီ လုပ်ခဲ့ဖူးတော့ ကလေးက မျက်ဖြူလန်နေပြီ။ နှလုံးစမ်းကြည့်တော့ နှလုံးက မခုန်တော့ဘူး။ ကလေးကို မြောင်းထဲက ဆယ်ပြီးတဲ့အချိန်မှာ နှလုံးခုန်အောင် လုပ်ပေးတာ မရတော့တဲ့အတွက် ဆေးခန်းခေါ်သွားတယ်။ ဆေးခန်းရောက်တော့လည်း ဆရာဝန်က နှလုံးရပ်သွားပြီလို့ ပြောတယ်” ဟု ဓာတ်လိုက်မှု ဖြစ်ပွားပြီးနောက် ကလေးငယ်အား ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သည့် ဦးရဲလွင်က ဆိုသည်။ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့သည့် နေရာအနီးရှိ ဓာတ်တိုင်များ၌ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးများသည် ရှုပ်ထွေးနေပြီး မကြာခဏ လျှပ်စစ်ရှော့ ထဖြစ်ကြောင်းလည်း အခင်းဖြစ်ပွားခဲ့သည့် အနီးအနားတွင် နေထိုင်သူများက ပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လှိုင်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ “ကလေးကို ဆေးရုံပို့လို့ ဆေးစစ်ချက် ထွက်တဲ့အခါ ကလေးရဲ့ ၀ဲခြေညှိုးကြားမှာ အပူလောင်ထားတယ်။ ယာလက်ဝါးမှာ အပူလောင်ထားတဲ့ ဒဏ်ရာတွေ့ရတယ်။

ဝဲလက်ပြင် ပွန်းထားတဲ့ ဒဏ်ရာ တွေ့ရတယ်။ ဖြစ်စဉ် ဖြစ်ပွားတဲ့အချိန်က ၇ နာရီခွဲလောက်မှာ ဖြစ်သွားတာ။ ကလေးက ပလက်ဖောင်းပေါ် လမ်းလျှောက်ရင်း မြောင်းထဲပြုတ်ကျလို့ ဓာတ်တိုင်ကို ကိုင်လိုက်တဲ့အချိန်မှာ ဓာတ်လိုက်သွားတာ ဖြစ်တယ်” ဟု လှိုင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကလေးငယ် ဓာတ်လိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားသည့် နေရာတွင် ရောက်ရှိနေသော လှိုင်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းသော်လည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြေကြားလိုခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ယခုနှစ် မေလအတွင်း ဓာတ်လိုက်မှုဖြစ်စဉ်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ကလေးငယ် လေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသား တစ်ဦး၊ မှော်ဘီမြို့နယ်တွင် အသက် ၃၄ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ကျောက်ဖြူမြို့နယ်တွင် ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုများနှင့် လျှပ်စစ်စီးဝင်နေသည့် ရေအိုင်တွင် လမ်းလျှောက်မိခဲ့မှုများကြောင့် လူ ၁၃ ဦးထက်မနည်း ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။ ယခုနှစ် မိုးရာသီကာလတွင် လျှပ်စစ်အန္တရာယ်ကြောင့် ဓာတ်လိုက်သေဆုံးမှုများ ထပ်မံမဖြစ်ပေါ်စေရန် ဟောင်းနွမ်းနေသည့် ဓာတ်ကြိုးများ၊ ဓာတ်တိုင်များကို အသစ်ပြန်လည် လဲလှယ်ပြင်ဆင်နေကြောင်း ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒုအင်ဂျင်နီယာချုပ်က ပြောကြားထားသည်။

Credit : news-eleven.com/


01 Jun 2016     1,366 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS