BEC-TERO TV

သက်တမ်းလွန်နှင့် မှတ်ပုံတင်မဲ့ တရားမ၀င်ဆေးဝါးများ ရောင်းချမှုရှိမရှိ စစ်ဆေးရာတွင် ကုမ္ပဏီများထက် ဆေးဆိုင်ငယ်များကို စီစစ်စစ်ဆေး

03 Jun 2016     1,282 Views


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သက်တမ်းလွန်နှင့် မှတ်ပုံတင်မဲ့ တရားမ၀င်ဆေးဝါးများ ရောင်းချမှုရှိမရှိ စစ်ဆေးရာတွင် ဆေးဝါးအဓိက ဖြန့်ဖြူးသည့် ကုမ္ပဏီကြီးများအား စိစစ်ခြင်းထက် ယင်းကုမ္ပဏီကြီးများမှတစ်ဆင့် ၀ယ်ယူရောင်းချသည့် လက်ကားနှင့် လက်လီဆေးအရောင်း ဆိုင်များကိုသာ စစ်ဆေးသည်ဟုဆိုကာ ဈေးချိုတော် အတွင်းရှိ ဆေးအရောင်းဆိုင် ၇၀ ခန့် ယာယီပိတ်သိမ်း၍ ကန့်ကွက်မှု ပြုလုပ်ကြောင်း သိရသည်။
 
ဇွန် ၂ ရက်က မန္တလေးဈေးချိုတော် E ရုံနှင့် F ရုံအတွင်းရှိ ပထမထပ်နှင့် မြေညီထပ်တွင် ဖွင့်လှစ်ရောင်းချနေသော ဆေးအရောင်းဆိုင် ၇၀ ခန့် ဖွင့်လှစ်ရောင်းချမှု ယာယီပိတ်သိမ်း ခဲ့ခြင်းဖြစ်သည်။
 
"ဒီနေ့က ပိတ်ဖို့အစီအစဉ် မရှိပါဘူး။ ဒီလိုပိတ်သိမ်းရတာက FDA ဒီနေ့ဈေးချိုထဲက ဆေးဆိုင်တွေကို လာစစ်မယ်လို့ အပြင်ကနေ သတင်းကြားတဲ့အတွက် ဒီလိုခဏခဏ စစ်ခံရတာကို ဘယ်လိုတုံ့ပြန်မလဲ စဉ်းစားပြီး ကိုယ့်ဆန္ဒနဲ့ကိုယ် အခုလိုမျိုးဆေးဆိုင်တွေ ပိတ်ကြတာပါ။ အချို့ကုမ္ပဏီ ပစ္စည်းတွေက မှတ်ပုံတင် သက်တမ်းလွန်တာတွေ ရှိနေတယ်။
 
အဲဒါတွေကို လာစစ်တဲ့အခါတွေ့ရင် သိမ်းတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက FDA က အဲဒီကုမ္ပဏီကို အရင်ပြောသင့်တယ်။ အဲဒီဆေးဝါးတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေဘက်ကနေလည်း တာဝန်ယူသိမ်းပေးတာ မရှိတဲ့အတွက် ကျွန်တော်တို့က ကြားထဲက ဆုံးရှုံးမှုတွေ ဖြစ်ရတယ်" ဟု မန္တလေးဈေးချိုတော် E ရုံအတွင်းရှိ ကိုဆန်းဆေးဆိုင်ပိုင်ရှင်က ပြောကြားသည်။
 
"အရင်စစ်ဆေးမှုတွေအရ FDA က လာစစ်ဆေးပြီးသွားရင် စစ်ဆေးပြီးတဲ့အကြောင်း လက်မှတ်ထိုးရတယ်။ သူတို့စစ်ဆေးတဲ့အခါ သက်တမ်းလွန်ဆေးဝါးတွေ မတွေ့ပေမယ့် ဆေးဆိုင်တွေကို သက်တမ်းလွန်ဆေးဝါး၊ မှတ်ပုံတင်မဲ့ဆေးဝါး နောက်မရောင်းပါဘူးဆိုတာ လက်မှတ်ထိုးရတယ်။ အဲဒီလိုလက်မှတ် ထိုးရတာက ကျွန်တော်တို့ အနေနဲ့ ပြစ်မှုမကျူးလွန်ဘဲ ခံဝန်ထိုးရသလို ဖြစ်နေတယ်။
 
မှတ်ပုံတင်မဲ့ဆေးဝါးဟာ မူးယစ်ဆေးဝါးလည်း မဟုတ်ဘူး။ ရောဂါဖြစ်ရင် သောက်တဲ့ဆေးဝါးကို လုံးဝမရောင်းနဲ့လို့ ပြောရင် တင်သွင်းလာတဲ့ လမ်းကြောင်းတွေကို ပိတ်ပေးပါ။ အခုဟာက အဲဒီလမ်းကြောင်းတွေကို မပိတ်ဘဲ ကျွန်တော်တို့ကျမှ ရှာဖွေသိမ်းဆည်းတာက ကျွန်တော်တို့ အများကြီး နစ်နာဆုံးရှုံးရတယ်" ဟု E ရုံ အတွင်းရှိ ဆေး ဆိုင်ပိုင်ရှင် ဦးသန်းလှိုင်က ပြောကြားသည်။
 
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ရက် ၁၀၀ စီမံချက်အဖြစ် မန္တလေး မြို့ပေါ်ရှိ ဆေးလက်လီ၊ လက်ကားအရောင်း ဆိုင်များအား မြို့ နယ်အလိုက်ရှောင်တခင် စစ်ဆေးခြင်းများပြုလုပ်၍ သက်တမ်းလွန် ဆေးဝါးများကို သိမ်းဆည်းခြင်းနှင့် ရောင်းချသည့် ဆိုင်များအား အသိပေးခြင်း၊ ခံဝန်ထိုးခိုင်းခြင်းများကို အပတ်စဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 
"ဈေးချိုကို စစ်ဆေးမယ့် အစီအစဉ်က တရားမ၀င်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်ချက်အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ ရှောင်တခင်ဝင်စစ်တဲ့ အပိုင်းပါ။ FDA အနေနဲ့ ဆေးဝါးတွေကို စစ်ဆေးတဲ့အခါမှာ ဆေးဝါးရောင်းချတဲ့အခါ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ မှတ်ပုံတင်မဲ့ ဆေးဝါးတွေကို အဓိကရှာဖွေ စစ်ဆေးတယ်။ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး အားလုံးပါဝင်နိုင်တဲ့ အသိပညာ ဆွေးနွေးမှုတွေ လုပ်ဖို့လည်း ဆောင်ရွက်နေပါတယ်" ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
 
ယင်းကဲ့သို့ ဈေးချိုတော်အတွင်းရှိ ဆေးအရောင်းဆိုင်များ ယာယီအရောင်း ပိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ဈေးအကျိုးတော်ဆောင် အဖွဲ့မှ ဈေးသူ၊ ဈေးသားများ နစ်နာမှု မရှိစေရန် ဈေးသူ၊ ဈေးသားများ၏ တင်ပြသည့် အကြောင်းအရာအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
Credit : Eleven news

03 Jun 2016     1,282 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS