BEC-TERO TV

(၅) လအတွင်း ကလေး အယောက် (၆၀) ပျောက်ဆုံးမှုရှိနေတဲ့ ရန်ကုန်မြို့

03 Jun 2016     1,260 Views


ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ လူပျောက်မှု တိုင်ကြားချက် ၂ဝဝ ကျော်ရှိခဲ့ရာတွင် ဦးရေ ၁ဝဝ ကျော် ပြန်လည်တွေ့ရှိခဲ့သော်လည်း အသက် ၁၆ နှစ်အောက်ရှိ အရွယ်မရောက်သေးသည့် ကလေးငယ် ၆၁ ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ပျောက်ဆုံးနေသည့် ၆၁ ဦးတွင် အသက် ၁ဝ နှစ်မှ ၁၆ နှစ်ကြားရှိ မိန်းကလေး ၄၄ ဦး၊ ယောက်ျားလေး ၁၂ ဦးနှင့် ၁ဝ နှစ်အောက် ကလေးငယ် ၅ ဦးတို့ဖြစ်ပြီး အလည်လွန်ရာမှ ပျောက်ဆုံးခဲ့မှု အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
“လူပျောက်တိုင်ကြားသူရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေကို မြို့နယ်အနှံ့ ရဲစခန်းတွေဆီ ဖြန့်ဝေပြီး စုံစမ်းရှာဖွေခဲ့ရာမှ လူ ၁ဝဝ ကျော် ပြန်တွေ့ခဲ့ပြီး မိသားစုတွေထံ ပြန်အပ်ခဲ့တယ်၊ ပျောက်ဆုံးနေသူတွေကိုလည်း တိုင်းနဲ့ ပြည်နယ်အနှံ့မှာရှိတဲ့ ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ပြီး စုံစမ်းပေးနေပါတယ် ” ဟု¤င်းကဆက်လက်ပြောကြားသည်။
 
ယခုနှစ်အတွင်း ၁ဝ နှစ်အောက် ကလေးငယ် လူပျောက်တိုင်ကြားမှုပေါင်း ၁၈ မှု ရှိခဲ့ရာတွင် ကလေးငယ် ၁၃ ဦးကို ပြန်လည်တွေ့ရှိခဲ့သည့်အနက် ဗိုက်ခွဲကလီစာ ထုတ်ယူခံရပြီး ဦးခေါင်းဖြတ်ကာ ငမိုးရိပ်ချောင်းအတွင်း စွန့်ပစ်ထားသည့် ခြောက်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့မှု ပါဝင်ခဲ့ကြောင်း၊ ကလေးငယ်များ ထပ်မံ မပျောက်ဆုံးစေရန် အုပ်ထိန်းသူ မိဘများနှင့် စာသင်ကျောင်းများမှ ဆရာ၊ဆရာမများကို ရဲတပ်ဖွဲ့က မှုခင်းပညာပေး အသိပေး ဆွေးနွေးပွဲများ ဆောင်ရွက်နေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများထံမှ သိရှိရသည်။
 
“ဒီနှစ်စပိုင်းမှာ ကလေးသူခိုးဂိုဏ်းဆိုပြီး ကောလာဟလတွေ ထွက်ပေါ်လာတာကြောင့် ကလေးမိဘတွေ အတော်လေး ထိတ်လန့်ခဲ့ရတယ်။ ကလေးငယ်တွေ မပျောက်ဆုံးရအောင် အုပ်ထိန်းသူတွေမှာ အဓိက တာဝန်ရှိပြီး ကိုယ်မအားလပ်ခဲ့ရင် ယုံကြည်ရသူ တစ်ယောက်ယောက်နဲ့ ကလေးကို ကြည့်ရှု့ စောင့်ရှောက်ခိုင်းစေချင်တယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
၂ဝ၁၅ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူပျောက်တိုင်ကြားသည့် အမှုပေါင်း ၁၆ဝဝ ကျော်ရှိခဲ့ပြီး ၁၁၉၉ ဦးကို ပြန်လည်တွေ့ရှိခဲ့သော်လည်း လူ ၄၅ဝ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ယင်းလူပျောက်မှုဖြင့် တိုင်ချက်ဖွင့်သူများတွင် အမျိုးသမီး အများစု ပါဝင်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃ဝ နှစ်အရွယ်ကြားရှိ အမျိုးသမီးများ အလုပ်သွား အလုပ်ပြန်ရာမှ ပျောက်ဆုံးခဲ့ကြောင်း၊ ၁ဝ နှစ်အောက် ကလေးငယ် ပျောက်ဆုံးမှုမှာမူ ၁ဝ မှုခန့်သာ ရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
 
Credit : Voice Weekly 

03 Jun 2016     1,260 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS