BEC-TERO TV

အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်း အထိပေးမည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီ ၂၀၁၇ နှစ်ဆန်းပိုင်းတွင် စတင်ရောင်းချမည်

08 Jun 2016     1,402 Views


အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်း အထိပေးမည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီအား ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ် ရောင်းချမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကျပ် ၅၀၀ တန် ထီသည် စက္ကူအမျိုးအစား၊ လုံခြုံရေးအဆင့်အတန်းများ ယခင်ထက် မြင့်သွားမည်ဖြစ်ပြီး အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်း၊ ကျပ်သိန်း ငါးထောင်၊ ကျပ်သိန်း တစ်ထောင်၊ ကျပ်သိန်း ငါးရာတို့အပြင် အနိမ့်ဆုံးဆုငွေ ကျပ်ငါးသောင်းတို့ ဖြစ်ကာ စတင်ရောင်းချချိန်တွင် ထီဆုမဲ အရေအတွက် ရှစ်သောင်းကျော် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ “ကျပ် ၅၀၀ တန် ထီကို ယခုကစပြီး ရှစ်လအကြာ ( ၂၀၁၇ နှစ်ဆန်းပိုင်း) မှာ စတင် ထုတ်ဝေ ရောင်းချမှာ ဖြစ်ပါတယ်။ ကျပ် ၂၀၀ တန် ထီစနစ်နဲ့ မတူအောင် လုပ်နေရတဲ့အတွက် အချိန်ယူနေရတာပါ”ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျပ် ၅၀၀ တန် ထီစနစ်အား ကျပ် ၂၀၀ တန် ထီစနစ်အတိုင်း လစဉ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ကျပ် ၂၀၀ တန် ထီအား တစ်လလျှင် ထီစောင်ရေသိန်း ၃၆၀ ကျော်အထိ ထုတ်လုပ် ရောင်းချသော်လည်း ကျပ် ၅၀၀ တန်ထီကိုမူ ယင်းပမာဏထက် လျှော့ချ၍ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ထီဆုမဲ ခွဲဝေသည့် စနစ်မှာလည်း ကျပ် ၂၀၀ တန်ထီ ကဲသို့ပင် လစဉ် ထီရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးမည် ဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်အခွန်အဖြစ် ပေးသွင်းမည်ဖြစ်ကြောင်း သိရသည်။ ကျပ် ၅၀၀ တန် ထီရောင်းချမည်ဖြစ်၍ လက်ရှိကျပ် ၂၀၀ တန် ထီစနစ်ကိုလည်း ဖျက်သိမ်းမည်မဟုတ်ဘဲ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း၊ သို့သော် နောက်ပိုင်း ကျပ် ၂၀၀ တန်ထီကို စိတ်ဝင်စားမှု နည်းပါးလာပါကမူ ဖျက်သိမ်းသွားမည်ဟု သိရသည်။ “လောလောဆယ်တော့ ကျပ် ၅၀၀ တန် ထုတ်ပေမယ့် ကျပ် ၂၀၀ တန်လည်း ဆက်ရှိနေဦးမှာပဲ။ ကြိုက်ရာကို ထိုးပေါ့။ ဒါပေမဲ့ ကျပ် ၅၀၀ တန်က ထီဆုမဲ ပိုကြီးတဲ့အတွက် အဲဒါကို စိတ်ဝင်စားပြီး ကျပ် ၂၀၀ တန်က နောက်ပိုင်း ထိုးအားနည်းသွားရင်တော့ ဖျက်ရမှာပေါ့” ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီကို ကျပ် ၂၀၀ တန်ထီ ကဲ့သို့ပင် လစဉ် ၁ ရက် နေ့တိုင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ ထီဆုမဲကြီးများ ပါဝင်သောကြောင့် ယင်းစနစ်ကို ထီထိုးသူများ စိတ်ဝင်စားမည်ဟု မျှော်မှန်းထားသည်ဟု ဆိုသည်။ “ကျပ် ၅၀၀ တန်မှာ ထီဆုမဲ ကြီးသွားတဲ့အတွက် ထီထိုးအား ကောင်းမယ်လို့ မှန်းထားတယ်။ ဒါပေမဲ့ ထီဆိုင်တွေကတော့ ၅၀၀ တန်ကို သိပ်မကြိုက်ကြဘူး။ အရင်းအနှီးများတဲ့အတွက်။ ပြီးရင် ရောင်းမကုန်ရင် သူတို့အတွက် ဆုံးရှုံးမှုလည်း ပိုများနိုင်တယ်လေ”ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။ လက်ရှိ ကျပ် ၂၀၀ တန် ထီစနစ်တွင် အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၁၅၀၀၊ ကျပ်သိန်း ၁၀၀၀၊ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၃၀၀ စသည်မှ အနိမ့်ဆုံးဆုငွေ ကျပ် ငါးသောင်းအထိ ပေးအပ်နေပြီး ထီအက္ခရာပေါ် မူတည်၍ ထီဆုမဲများကို ခွဲဝေပေးနေကြောင်း၊ ယခုလတွင် ထီအက္ခရာ ၃၅ လုံးဖြင့် ထုတ်လုပ်ရောင်းချနေခြင်းကြောင့် ထီဆုမဲ ၃၅၀၀၀ ကျော် ပေးအပ်မည်ဖြစ်သည်။

Credit : http://www.news-eleven.com/


08 Jun 2016     1,402 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS