BEC-TERO TV

ရဲ့ကို ဓါးနဲ့ထိုးသတ်ပြီး မိသားစုဝင်တွေကို ဓါးစာခံအဖြစ်ခေါ်ထားတဲ့ အိုင်အက်စ် အဖွဲ့ဝင်

14 Jun 2016     1,265 Views


ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ရဲတပ်ဖွဲ့အရာရှိတစ်ဦးအား ၎င်းရဲ့ နေအိမ်အနီး ဓားဖြင့်ထိုးသတ်ကာ မိသားစုကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့မှု ဇွန်လ ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
 
အမျိုးသားတစ်ဦးက အစ္စလာမ်မစ် ကြွေးကြော်မှုများ အော်ဟစ်ကာ ရဲအရာရှိကို ဓားဖြင့်ထိုးသတ်ခဲ့ပြီးနောက် အဆိုပါ ရဲအရာရှိရဲ့ နေအိမ်အတွင်း ဝင်ရောက်ကာ ရဲအရာရှိရဲ့ ဇနီးဖြစ်သူနဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။
 
နောက်ပိုင်းမှာ ရဲအရာရှိရဲ့ ဇနီးဖြစ်သူလည်း အသတ်ခံခဲ့ရပြီးနောက် အထူးတပ်ဖွဲ့က နေအိမ်အတွင်း စီးနင်းဝင်ရောက်ကာ ဓားကိုင်အကြမ်းဖက်သမားကို အသေပစ်သတ်ပါတယ်။ နေအိမ်အတွင်း သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရပြီး အသက် ၃ နှစ်အရွယ် ကလေးငယ်ကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
 
အဆိုပါ အမျိုးသမီးမှာ ဓားထိုးအသတ်ခံရတဲ့ ရဲအရာရှိရဲ့ ဇနီးဖြစ်ပြီး သူမကိုယ်တိုင်မှာလည်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးပင်ဖြစ်ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဓားကိုင်အကြမ်းဖက်သူနဲ့ ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ခဲ့ပြီးနောက် နေအိမ်အတွင်း အထူးတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
 
ဓားဖြင့်ထိုးသတ်ခံရတဲ့ ရဲအရာရှိမှာ အသက် ၄၂ နှစ်အရွယ် ဂျိမ်းဘက်တစ်တီဆဲလ်ဗင်းဖြစ်ကြောင်း ပြင်သစ်သတင်းတွေက ပြောပါတယ်။ ဓားဖြင့်တိုက်ခိုက်ခဲ့သူမှာ အဆိုပါ ရဲအရာရှိရဲ့ အိမ်နီးချင်းတစ်ဦးဖြစ်ပြီး ရဲအရာရှိကို ဓားဖြင့်ကိုးချက်ထိုးခဲ့ကြောင်း သိရပါတယ်။
 
ရဲအရာရှိကို ဓားဖြင့်ထိုးသတ်ခဲ့သူမှာ အိုင်အက်စ်အဖွဲ့ကို သစ္စာခံသူဖြစ်ကြောင်းလည်း သတင်းတွေက ဆိုပါတယ်။ နောက်ဆုံး သတင်းတွေအရ အိုင်အက်စ်အဖွဲ့ကလည်း ပြင်သစ်ရဲအရာရှိကို ဓားဖြင့်ထိုးသတ်ခဲ့သူမှာ ၎င်းတို့နဲ့ ဆက်နွယ်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

14 Jun 2016     1,265 Views




RELATED

Most Popular of International News

Most Popular of NEWS