BEC-TERO TV

စက်ရုံကို အလုပ်ဝင်ချင်ယောင်ဆောင်ပြီး ကလေးလုပ်သားပြဿနာဖော်ထုတ်တဲ့ အိန္ဒိယကျောင်းသူ

16 Jun 2016     1,416 Views


ကလေးလုပ်သားကိစ္စဖော်ထုတ်ဖို့ စက်ရုံတစ်ခုမှာအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ အိန္ဒိယစီးပွားရေး ကျောင်းသူတစ်ဦးက ကျောင်းသား ၁၀၀ ကျော်ကို ကယ်တင်ပြီးနောက်ပိုင်းမှာ သူ့ရဲ့ကြိုးပမ်းမှုတွေအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တနင်္လာနေ့မှာပြောကြားလိုက်ပါတယ်။ ဂျာနာဂျိုရှီ (၂၂ နှစ်)ဟာ ဂူဂျာရက်ပြည်နယ်ရှိဆွေမျိုးတွေဆီသွားရင်း ကြွေထည်စက်ရုံတစ်ခုမှာ ကလေးတွေ အများကြီးအလုပ်လုပ်နေတာသတိထားမိခဲ့ပါတယ်။ သူက ဒေသခံတွေကိုမေးမြန်းခဲ့ပေမယ့် အလုပ်သမားတွေက အသက်မပြည့်သေးသူတွေ ဟုတ်မဟုတ်ကို အတည်မပြုနိုင်ခဲ့တဲ့အတွက် စက်ရုံမှာ စီမံရေးအလုပ်သင်ဝန်ထမ်းအဖြစ်လျှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“စက်ရုံမှာ အဲဒီအလုပ်သမားလေးတွေရဲ့မှတ်တမ်းတွေကိုကျွန်မကြည့်လိုက်တော့ အများစုက ၁၈နှစ်အောက်တွေဖြစ်နေတယ်။ တချို့ဆို အသက် ၁၄ နှစ်အောက်အရွယ်တောင်ရှိတယ်။ ဒါဥပဒေချိုးဖောက်မှုပဲ”လို့သူကပြောပါတယ်။ ဒေသဆိုင်ရာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအာဏာပိုင်တွေဆီတင်ခဲ့တဲ့ သူ့ရဲ့အသနားခံစာ တွေကို အရေးမစိုက်ကြတဲ့အခါ သူမက ပြည်နယ်ဝန်ကြီးချုပ် အနန်ဒီဘန်ပတေးလ် ဆီကို စာတင်ခဲ့ပြီး အစိုးရအရာရှိတွေကို အကူအညီတောင်းဖို့ ကန္ဓီနာဂါ မြို့တော်ကိုသွားခဲ့ပါတယ်။ သည်လအစောပိုင်းမှာမှ အစိုးရအရာရှိတွေက စက်ရုံကိုဝင်ရောက်စီးနင်းခဲ့ပြီး ကလေးလုပ်သား ၁၁၁ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ အိန္ဒိယမှာ စက်ရုံတွေ၊မိုင်းတွင်းတွေ၊နဲ့တခြားနေရာတွေအတွင်း အလုပ်လုပ်နေရတဲ့ ကလေးငယ် သန်းပေါင်းများစွာရှိနေတယ်လို့ အကူအညီအေဂျင်စီတွေနဲ့အစိုးရဌာနအချက်အလက်တွေအရ သိရပါတယ်။

ဥပဒေအရတော့ အန္တရာယ်ရှိနိုင်တဲ့အလုပ်တွေမှာ အသက်၁၄နှစ်အောက်အရွယ်တွေအလုပ်လုပ်ကိုင်ခြင်းကို တားမြစ်ထားပေမယ့် တားမြစ်မှုကသိပ်အလုပ်မဖြစ်သေးဘူးလို့ တက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။ ဂျိုရှီဟာ သူ့ရဲ့တင်ပြချက်ကိုမှတ်တမ်းတင်ဖို့ ရဲစခန်းကိုသွားတဲ့အချိန်က အမျိုးသားနှစ်ဦးရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ပြောပြပါတယ်။ ဒါပေမယ့် သူကတော့ ဆက်ပြီးတိုက်ပွဲဝင်သွားမှာပဲလို့ပြောပါတယ်။ ဒါ့အပြင် အသက်မပြည့်တဲ့ကလေးလုပ်သားတွေအလုပ်လုပ်နေတဲ့ နောက်ထပ်စက်ရုံတွေကိုလည်း သိနေတယ်လို့ သူကပြောခဲ့ပါတယ်။ “ကြွေထည်စက်ရုံပိုင်ရှင်တွေ သံတိုင်နောက်ရောက်တဲ့အထိ ကျွန်မက ဆက်ပြီးတိုက်ပွဲဝင်သွားမှာပဲ။ သူတို့ က ကလေးတွေကို ဒီလိုအခြေအနေတွေမှာ အလုပ်လုပ်ခိုင်းထားကြတာ” လို့ သူကဆိုပါတယ်။

 


16 Jun 2016     1,416 Views




RELATED

Most Popular of Special or Others

Most Popular of NEWS