လှပသော နယူးဇီလန်ကမ်းခြေကို ရန်ပုံငွေဖြင့် ၀ယ်ယူကာ အများပိုင် ဥယျာဉ်အဖြစ် ပြောင်းလဲနိုင်ခဲ့
12 Jul 2016 1,529 Views

နယူးဇီလန်နိုင်ငံသား တစ်ဦးက ရည်မှန်းချက် ကြီးမားသော စည်းရုံးလှုံ့ဆော်မှု တစ်ခုကို ဦးဆောင်ပြီး ကောက်ခံရရှိခဲ့သည့် ဒေါ်လာသန်းပေါင်း များစွာဖြင့် သဘာဝအတိုင်း ခြေရာလက်ရာမပျက် ရှိနေသေးသည့် တောင်ပိုင်းကျွန်းမှ ကမ်းခြေတစ်ခုကို ၀ယ်ယူကာ အများပိုင်ဥယျာဉ်အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်က ကြေညာခဲ့သည်။ ဒေါင်းမေဂျာ အမည်ရှိသော ထိုအမျိုးသားသည် အလှူရှင်ပေါင်း ၄၀၀၀၀ ၀န်းကျင်ထံမှ နယူးဇီလန်ဒေါ်လာ ၂ ဒသမ ၃ သန်း (ဒေါ်လာ ၁ ဒသမ ၇ သန်း) ကို ကောက်ခံရရှိခဲ့သည်။ ထို့နောက် ယခုနှစ် အစောပိုင်းတွင် မေဂျာက အဆိုပါ အ၀ါရိုရာ ကမ်းခြေကို ပုဂ္ဂလိကပိုင်မှ အများပိုင်ဥယျာဉ်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ အ၀ါရိုရာ ကမ်းခြေကို Abel Tasman အမျိုးသား ဥယျာဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇူလိုင် ၁၀ ရက်က တရားဝင် အခမ်းအနားဖြင့် သတ်မှတ်ခဲ့ကြသည်။
တောင်ပိုင်းကျွန်းထိပ်၌ရှိသည့် အ၀ါရိုရာ မြစ်စွယ်တွင် မီတာ ၈၀၀ (၂၆၀၀) ရှည် လျားသော ကမ်းခြေတစ်ခုရှိသည်။ သင်္ဘော (သို့မဟုတ်) ရဟတ်ယာဉ်ဖြင့်သာ သွားရောက်နိုင်သည့် ထိုနေရာကို ယမန်နှစ် နှောင်းပိုင်းတွင် အိမ်ခြံမြေ အေးဂျင့်များက ကမ္ဘာပေါ်တွင် အကောင်းဆုံး ကမ်းခြေဟု ဈေးကွက်တင်ခဲ့ကြသည်။ မေဂျာသည် ခရစ္စမတ်ကာလအတွင်း ဆွေမျိုးများနှင့် ဆွေးနွေးပြီးနောက် ထိုကျွန်းကို ၀ယ်ယူရန် ရန်ပုံငွေ ကောက်ခံသည့် လှုပ်ရှားမှုတစ်ခု တည်ထောင်ခဲ့သည်။ ထိုရန်ပုံငွေထဲသို့ အစိုးရကလည်း နယူးဇီလန် ဒေါ်လာ ၃၅၀၀၀၀ ထည့်ဝင်ခဲ့ကြောင်း သိရသည်။
Credit : news-eleven.com/