BEC-TERO TV

တောင်တရုတ်ပင်လယ် စီရင်ချက် ချမှတ်အပြီး အင်ဒိုနီးရှားက ကာကွယ်ရေး တိုးမြှင့်မည့်

14 Jul 2016     1,300 Views


တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်၏ ထုတ်ပြန်မှုများသည် တရားမ၀င်ဟု သည်ဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာခုံရုံးက ဇူလိုင် ၁၂ ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားက တောင်တရုတ်ပင်လယ်တွင် တရုတ်ရေယာဉ်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် ၎င်း၏ ကျွန်းစုများတစ်ဝိုက်တွင် လုံခြုံ ရေး တိုးမြှင့်မည့်အစီအစဉ်ကို ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှား၏ နာတူနာကျွန်းစုများ တစ်ဝိုက်တွင် စစ်သင်္ဘောများ၊ အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စင်း၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ ရေဒါတစ်ခုနှင့် မောင်းသူမဲ့လေယာဉ်များကို တပ်စွဲသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဆိပ်ကမ်းသစ်များကို တည်ဆောက်ပြီး လေယာဉ်ဆင်းကွင်းကိုလည်း တိုးချဲ့သွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ယာမီဇက်ယာကူဒါက ပြောကြားခဲ့သည်။ မကြာသေးမီ လများအတွင်း စတင်ခဲ့သော စစ်အင်အားတိုးချဲ့မှုများသည် တစ်နှစ်မပြည့်မီတွင် ပြီးစီးမည်ဟု အငြိမ်းစားဗိုလ်ချုပ် တစ်ဦးဖြစ်သူ ၎င်းက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအချို့နှင့် မတူဘဲ အင်ဒိုနီးရှားသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရေပိုင်နက် အငြင်းပွားမှု ပြဿနာမရှိခဲ့ကြောင်း ကာလရှည်ကြာ ထုတ်ပြန်လာခဲ့ပြီး မည်သည့်ပိုင်နက်အတွက်မျှ အငြင်းပွားသွားမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ထုတ်ပြန်မှုများသည် နာတူနာကျွန်းစု တစ်ဝိုက်ရှိ အင်ဒိုနီးရှား အထူးစီးပွားရေးဇုန်များအထိ လာရောက်ထိစပ်နေပြီး ယင်းကျွန်းစုအနီး အင်ဒိုနီးရှား ကင်းလှည့်ရေယာဉ်နှင့် ရေတပ်သင်္ဘောများသည် တရုတ်ငါးဖမ်းရေယာဉ် နှင့် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ရေယာဉ်များ နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားသည် ၎င်း၏ ရေပိုင်နက်ထဲသို့ တရုတ်၏ ကျူးကျော်နေမှုကို ဒေါသထွက်မှု မြင့်တက်လာနေပြီး ပြီးခဲ့သောလတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နာတူနာကျွန်းစုသို့ စစ်သင်္ဘောဖြင့် သွားရောက်ခဲ့ကာ အင်ဒိုနီးရှားသည် ဝေးလံသော ယင်းကျွန်းစုကို ကာကွယ်ရန် အလေးအနက်ရှိကြောင်း ပြသခဲ့သည်။

Credit : http://news-eleven.com/


14 Jul 2016     1,300 Views




RELATED

Most Popular of International News

Most Popular of NEWS