BEC-TERO TV

ကလေးငယ်ဦးရေ ၁၀၀ ကျော်ရဲ့ အသက်ကို ကယ်ခဲ့တဲ့ ဗီယက်နမ် အမျိုးသား

25 Jul 2016     1,274 Views


ရိုးရာလေး စာဖတ်သူတွေကို အခု တစ်ခေါက် ပြောပြချင်တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ မွေးကင်းစ ကလေးငယ်ဦးရေ ၁၀၀ ကျော်ရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့တဲ့ ဗီယက်နမ် အမျိုးသား တစ်ဦးရဲ့ အကြောင်းပါ။ အစကတော့ ဒီလိုပါ … ဗီယက်နမ် အမျိုးသား တုန်ဖော့ဖက် (Tống Phước Phúc) ဟာ ၂၀၀၁ ခုနှစ်မှာ ကိုယ်ဝန်ဆောင်ထားတဲ့ သူ့အမျိုးသမီးကို ဆေးရုံလိုက်စောင့်ပေးခဲ့ပါတယ်။ အဲဒီမှာနေရင်းနဲ့ တချို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဆေးရုံက အခန်းတစ်ခုထဲကို ဝင်သွားပြီး အဲဒီနောက်ပိုင်းမှာ ဆေးရုံကနေ ကလေးမပါဘဲ ဆင်းသွားကြတာကို သူ သတိထားမိလာတယ်။ အစက မသိပေမယ့် အဲဒီ အမျိုးသမီးတွေဟာ ကိုယ်ဝန် ဖျက်ချလိုက်ကြတာမှန်း သူ သဘောပေါက်လာတယ်။ ကလေးငယ်တွေ အများကြီးဟာ လူ့လောကထဲ ဝင်ရောက်ခွင့် မရဘဲ အသက်ဆုံးရှုံးနေရတာကို တွေးမိတော့ သူ အကြီးအကျယ် စိတ်ထိခိုက်လာရတယ်။ ဆုံးပါးသွားရတဲ့ ကလေးတွေအတွက် မြုပ်နှံစရာ နေရာကလေး တစ်ခုတော့ လုပ်ပေးဖို့ သူ စဉ်းစားမိလာတယ်။ အဲဒါနဲ့ တောင်စောင်းတစ်ခုမှာ မြေဝယ်ပြီး ကလေး အလောင်းတွေကို စတင် မြုပ်နှံပါတော့တယ်။ နှစ်နဲ့ချီ ကြာမြင့်လာတဲ့ အခါမှာတော့ ကလေးအလောင်း တစ်သောင်းကျော်ကို မြုပ်နှံခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက တုန်ဖော့ဖက်ရဲ့ လုပ်ရပ်ကို သူ့ဇနီးက အစ နားမလည်ခဲ့ပါဘူး။ သူကတော့ “ကိုယ်ဝန် ဖျက်ချဖို့ ချီတုံချတုံ ဖြစ်နေတဲ့ အမျိုးသမီးတွေဟာ ဒီသင်္ချိုင်းကြီးကို မြင်တဲ့အခါမှာ သူတို့ကိုယ် သူတို့ ပြန်လည် သုံးသပ်နိုင်အောင် ရည်ရွယ်ထားတာပါ “ လို့ ပြောပါတယ်။

နောက်ပိုင်းမှာတော့ ကလေးတွေကို မထောက်ပံ့နိုင်တဲ့ အမျိုးသမီးတွေဟာ တုန်ဖော့ဖက်ဆီ လာတွေ့ပြီး အကြံဉာဏ် တောင်းခံလာကြပါတယ်။ အဲဒီ အချိန်က စပြီး သူဟာ ကလေးတွေကို စပြီး မွေးစားဖြစ်လာပါတော့တယ်။ အဲဒီလိုမှ မမွေးစားဘူးဆိုရင် ဒီကလေးတွေဟာ ဖျက်ချခံရမှာပါ။ အဲဒီလိုနဲ့ တုန်ဖော့ဖက်ဟာ ကလေးစောင့်ရှောက်ရေး ဂေဟာ တစ်ခုကို တည်ထောင်ဖြစ်လာပြီး အခုဆိုရင် ကလေးအရေအတွက် တစ်ရာကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီကလေးတွေရဲ့ မိခင်တွေအနေနဲ့ ငွေကြေး အလုံအလောက်ရှိလာတဲ့အခါ၊ ကလေးတွေကို ကိုယ်တိုင် မွေးချင်စိတ်ရှိလာတဲ့ အခါမှာ ကလေးတွေကို ပြန်လည် ခေါ်ဆောင်သွားနိုင်ပြီးတော့ အဲဒီလို ပြန်မခေါ်ခဲ့ရင်လည်း ကလေးတွေကို မွေးစားနိုင်မယ့် သူတွေနဲ့ ရှာဖွေ ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ “ကျွန်တော် ဒီအလုပ်ကို သေတဲ့ အထိ လုပ်သွားမှာပါ။ ကျွန်တော် မရှိတော့ရင်တောင်မှ ကျွန်တော် မွေးထားတဲ့ အခု ကလေးတွေ ကြီးပြင်းလာပြီး ကံမကောင်းရှာတဲ့ လူတွေကို ဆက်လက် ကူညီသွားမယ်လို့ မျှော်လင့်ထားပါတယ်” လို့ တုန်ဖော့ဖက် က ဆိုပါတယ်။ ဒီ ကလေးစောင့်ရှောက်ရေး ဂေဟာအကြောင်းကို Tống Phước Phúc Orphanage facebook စာမျက်နှာမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ အခု အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာလည်း အဲဒီစာမျက်နှာက ဓာတ်ပုံတွေ ဖြစ်ပါတယ်။

Ref : https://www.facebook.com/tongphuocphucorphanage/ စည်သူ (ရိုးရာလေး)

www.yoyarlay.com

Credit : mayoneyinponepyinmat/


25 Jul 2016     1,274 Views




RELATED

Most Popular of Special or Others

Most Popular of NEWS