BEC-TERO TV

ထိုင်းကျောင်းသူတဦး ရေအိမ်ထဲတွင် ကလေးမွေးပြီး စွန့်ပစ်ခဲ့

27 Jul 2016     1,243 Views


ထိုင်းနိုင်ငံ ဖူးခက်မြို့မှ အသက် ၁၈ နှစ်အရွယ် ကျောင်းသူတဦးဟာ ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းက ဂက်စ်ဆိုင်ရေအိမ်တခုအတွင်း ကလေးမွေးဖွားပြီး စွန့်ပစ်ခဲ့တဲ့အတွက် အရေးယူခံရမယ်လို့ ဖူးခက်ဂေဇက်သတင်းမှာ ဖော်ပြပါတယ်။ အလေးချိန်မပြည့်တဲ့ မွေးကင်းစကလေးငယ်ဟာ မိန်းကလေးတဦးဖြစ်ပြီး ဂက်စ်ဆိုင်ရဲ့ ရေအိမ် အိမ်သာခွက်ထဲမှာ သွေးတွေနဲ့အတူ ညနေ ၃ နာရီလောက်မှာ တွေ့ရှိခဲ့ရတာပါ။ အဲဒီနောက်မှာ ထရန်းခရိုင်ရဲတွေဟာ ဖူးခက်ကနေ အနီးတ၀ိုက် ပြေးဆွဲတဲ့ ခရီးသည်တင် ဘတ်စ်ကားတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာပါ။

ရဲတွေဟာ ကားတွေပေါ်က ခရီးသည်တွေကို စစ်ဆေးခဲ့ချိန်မှာ အ၀တ်အစားတွေပေါ်မှာ သွေးစွန်းနေတဲ့ အမျိုးသမီးတဦးကို တွေ့ရှိခဲ့ပြီးနောက် သူဟာ မွေးကင်းစကလေးရဲ့ မိခင်ဖြစ်တယ်လို့ ၀န်ခံခဲ့တာပါ။ ဒုတိယရဲမှူး ချိုင်ဝပ်သန်ယာနီတိက “သူ့ကိုကြည့်ရတာ ကောင်းကောင်းနေကောင်းပုံ မပေါ်လို့ နန်ယောင်းဆေးရုံကို ပို့ထားရတယ်” လို့ ပြောပါတယ်။ ဘတ်စ်ကားမောင်းသူကို ရဲတွေက စစ်ဆေးမေးမြန်းခဲ့ချိန်မှာ ကားပေါ်ပါလာတဲ့ မိန်းကလေးဟာ နေမကောင်းလို့ ကားကိုရပ်ပေးဖို့ တောင်းဆိုခဲ့ချိန်မှာ သူက ကရာဘိခရိုင် ခလောင်ဖောင်အရပ်က ဂက်စ်ဆိုင်တဆိုင်ရှေ့မှာ ရပ်ပေးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ အဆိုပါမိန်းကလေးဟာ ရေအိမ်ထဲမှာ ကလေးမွေးဖွားခဲ့ပြီး ထားခဲ့ကာ ကားပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပါ။ အဆိုပါ ဂက်စ်ဆိုင်ထဲ ရောက်လာပြီး အပေါ့သွားခဲ့တဲ့ ခလောင်ဖောင်အုပ်ချုပ်ရေးမှူး နာပွန်ဝီစစ် ပိုလ်ဂေါ်က ကလေးငိုသံကြားခဲ့လို့ စူးစမ်းခဲ့ချိန်မှာ တွေ့ရှိခဲ့တာပါ။ “ကလေးကိုတွေ့တဲ့အချိန်မှာ သွေးတွေနဲ့ အိမ်သာခွက်ထဲမှာ ချက်ကြိုးတန်းလန်းနဲ့ တွေ့ခဲ့တာပါ။ အဲဒါနဲ့ ဆေးရုံကို ပို့ခဲ့ရတာပါ” လို့ ပြောပါတယ်။ ကလေးငယ်ဟာ အလေးချိန် ၂ ကီလိုဂရမ်သာရှိပြီး လက်ရှိမှာတော့ ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိပြီး ကုသပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒုတိယရဲမှူး ချိုင်ဝပ်သန်ယာနီတိက “ကလေးကို မွေးပြီး ခုလိုစွန့်ပစ်ခဲ့တဲ့ မိခင်ကိုလည်း အရေးယူသွားမှာပါ။ ဒါပေမယ့် သူဟာလည်း ဆေးရုံမှာ ဆေးကုသခံနေရပါတယ်” လို့ ပြောပါတယ်။

Credit : burmese.dvb.no/


27 Jul 2016     1,243 Views




RELATED

Most Popular of Special or Others

Most Popular of NEWS