BEC-TERO TV

ဒေါ်နယ်ထရမ့်၏ဇနီး အမျိုးသမီးချင်း လိင်တူစုံတွဲ ကိုယ်လုံးတီးဓာတ်ပုံများ ထွက်ပေါ်

02 Aug 2016     1,292 Views


အမေရိကန် ရီပတ်ဘလီကန်ပါတီအမတ် ဒေါ်နယ်ထရမ့်ရဲ့ ဇနီးဖြစ်သူ မဲလန်နီယာ ထရမ့်နဲ့ တခြားအမျိုးသမီးတဦးရဲ့ အမျိုးသမီးချင်း လိင်တူစုံတွဲ ကိုယ်လုံးတီးဓာတ်ပုံတွေဟာ လတ်တလောမှာ ပေါ်ထွက်လာခဲ့တယ်လို့ နယူးယော့ခ်ပို့စ်သတင်းမှာ သြဂုတ် ၁ ရက်နေ့က ဖော်ပြပါတယ်။ အမျိုးသမီး လိင်တူစုံတွဲ ချစ်မေတ္တာကို ဖော်ကျူးထားတဲ့ အဲဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလ ၁၉၉၅ ခုနှစ်တုန်းက ရိုက်ကူးခဲ့တာဖြစ်ပြီး လစဉ်ထုတ် ပြင်သစ်မဂ္ဂဇင်း “မက်စ်” အတွက် ရိုက်ကူးခဲ့တာပါ။ အဲဒီအချိန်မှာ မဲလန်နီယာဟာ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးပြီး ပုံရဲ့ အောက်ခြေမှာ မဲလန်နီယာကေလို့ ဖော်ပြခဲ့တာပါ။ ဒီပုံတွေကို မန်ဟက်တန်မြို့မှာ ၂ ရက်ကြာ ဓာတ်ပုံရိုက်ကွင်းတည်ကာ ရိုက်ကူးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံတွေထဲမှာ အသက်ဝင်လှတဲ့ အမူအရာတွေနဲ့ မဲလန်နီယာဟာ စကဲန်ဒီ နေးဗီးယန်း မော်ဒယ်လ်တဦးဖြစ်တဲ့ အမ်မာအဲရစ်ဆန်နဲ့အတူ အိပ်ယာပေါ်မှာ ကိုယ်လုံးတီး လဲလျောင်းနေပုံတွေကို တွေ့ရပါတယ်။ အိပ်ယာပေါ်မှာ မဲလန်နီယာကို အဲရစ်ဆန်က နောက်ကနေ သိုင်းဖက်ထားခဲ့ကာ ၂ ဦးစလုံးဟာ ကိုယ်လုံးတီးနဲ့ ရိုက်ကူးထားခဲ့တာပါ။ နောက်တပုံမှာတော့ ကြာပွတ်ကို ဝှေ့ယမ်းနေခဲ့တဲ့ အဲရစ်ဆန်အနီးမှာ ကိုယ်နဲ့အတိ အကြပ်ဂါဝန်နဲ့ ခွာမြင့်ဒေါက်ဖိနပ်စီးထားတဲ့ မဲလန်နီယာကို ထိတ်လန့်နေပုံ သရုပ်ဆောင်ထား တဲ့ အမူအရာနဲ့ တွေ့ရမှာပါ။ ပြင်သစ်ဖက်ရှင် အလှဓာတ်ပုံဆရာ ဂျာလ်အီလေဒီ ဗက်ဆီဗီလေကတော့ “ကျနော် အမျိုးသမီးတွေနဲ့ အတူနေရတာကို သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင် “မီနာရှထွာ (အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတဦး တအိမ်ထောင်တည်း အတူနေထိုင်ခြင်း) ပုံစံနဲ့ အများကြီး ကြုံခဲ့ဖူးလို့ပါပဲ” လို့ ပြောပါတယ်။ သူက ဆက်ပြီး “ဒါဟာ အလှတရားပါပဲ။ ညစ်ညမ်းတဲ့ လိင်အသားပေးဖော်ပြမှု တခုမျှသာ မဟုတ်ပါဘူး။ ညစ်ညမ်းလိင်အသားပေးတဲ့ လုပ်ငန်းမျိုးတွေဟာ ရိုးရှင်းမှုနဲ့ သန့်စင်မှု ရောယှက်နေတဲ့ အနုပညာရဲ့ ခံစားမှုကို ဖျက်ဆီးနေသလိုပါပဲ။

ကျနော် စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။ ရင်းနှီးတဲ့ အသိုင်းအ၀ိုင်းထဲက သတင်းရင်းမြစ်တွေကတော့ မဲလန်နီယာဟာ တကယ့်ကို ပညာရှင်ဆန်ဆန် သရုပ်ပါအောင် ဖော်ကျူးပြနိုင်သူလို့ ဆိုပါတယ်။ သူ့ရဲ့ ဒီပုံတွေကို ၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလထုတ် မက်စ်မဂ္ဂဇင်းမှာ မျက်နှာဖုံးဓာတ်ပုံအဖြစ် စူပါမော်ဒယ် စင်ဒီကရောဖို့ဒ်ရဲ့ ပုံနဲ့အတူ ယှဉ်တွဲပြီး ဖော်ပြခံခဲ့ရတာပါ။ ဒီပုံတွေနဲ့ပတ်သက်လို့ ခင်ပွန်းဖြစ်သူ ဒေါ်နယ်ထရမ့်ကတော့ “မဲလန်နီယာဟာ အအောင်မြင်ဆုံး မော်ဒယ်တွေထဲက တယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ မျက်နှာဖုံးဓာတ်ပုံတွေနဲ့ တခြားပုံတွေအတွက် ရိုက်ကွင်းပေါင်းများစွာမှာ ရိုက်ခဲ့ရတာပါ။

ဒီပုံတွေကတော့ ဥရောပမဂ္ဂဇင်းတစောင်မှာ ဖော်ပြခံခဲ့ရတဲ့ပုံပါ။ ဥရောပမှာတော့ ဒီလိုပုံတွေဟာ ဖက်ရှင်ကျကျနဲ့ သာမန်အခြေအနေနဲ့ ဖော်ပြတာမျိုးပါပဲ” လို့ ပြောပါတယ်။ ခုချိန်မှာ အသက် ၄၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆလိုဗေးနီးယားနိုင်ငံသူ မဲလန်နီယာဟာ ဒေါ်နယ်ထရမ့်နဲ့ ၁၉၉၈ ခုနှစ်က ဖက်ရှင်ပါတီတခုမှာ ဆုံစည်းခဲ့ကြပြီး ၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလမှာ လက်ထပ်ခဲ့ကြကာ ၁၀ နှစ်အရွယ် ဘာရွန်အမည်ရ သားတဦး ထွန်းကားခဲ့ပါတယ်။ မဲလန်နီယာဟာ Sports Illustrated နဲ့ Vogue လို နာမည်ကြီး မဂ္ဂဇင်းတွေအတွက် ဟဲလ်မတ်နယူတန်နဲ့ မာရီယို တက်စတီနိုတို့လို နာမည်ကြီး ဓာတ်ပုံဆရာတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ လုပ်ခဲ့တာပါ။

Credit : burmese.dvb.no/


02 Aug 2016     1,292 Views




RELATED

Most Popular of International News

Most Popular of NEWS