နိုင်ငံတစ်ကာ သင်္ဘောလိုင်းကြီးအချို့ ဒေဝါလီခံနေရသော်လည်း မြန်မာသင်္ဘောသားဈေးကွက်အတွက် စိုးရိမ်စရာမရှိ
05 Sep 2016 1,900 Views

၂၀၁၆ ခုနှစ်တွင် ကမ္ထာ့သင်္ဘောလိုင်းကြီးများ ဖြစ်သည့် Daiichi Chuo Kisen (ဂျပန်)၊ Hyundai Marchant Marine (ကိုရီးယား) နှင့် International Shipholding (အမေရိကန်) သင်္ဘောကုမ္ပဏီတို့ အရှုံးပေါ်ကာ ဒေလီဝါလီခံရတော့မည့်အကြောင်းကို နိုင်ငံတစ်ကာသတင်းများအရ သိရှိခဲ့ရပါသည်။ အဆိုပါ သင်္ဘောလိုင်းကြီးများ၏ ဘဏ္ဍာရေးအခက်အခဲများကြောင့် ဒေဝါလီခံရတော့မည့်အပေါ် မြန်မာသင်္ဘောသားများအနေနှင့် စိုးရိမ်စရာမရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားအဖွဲ့ချုပ် (MSF) အထွေထွေအတွင်းရေးမှူး ဦးတင်စိန်က အောက်ပါအတိုင်း ပြောကြားခဲ့သည်..
အခုအခြေအနေက ကမ္ဘာ့စီးပွားရေးကျဆင်းနေတော့ သင်္ဘောလိုင်းတွေ အလုပ်သိပ်မဖြစ်တဲ့သဘောပါ။ လွယ် လွယ်ပြောရင်တော့ အရှုံးပေါ်နေ တယ်ပေါ့ဗျာ။ ဒါပေမဲ့ဒါက မြန်မာသင်္ဘောသားတွေအတွက် သိပ်စိုးရိမ်စရာ မလိုသလို ထိခိုက်မှုလည်းသိပ်ပြီးတော့မရှိနိုင်ပါဘူး..
မြန်မာနိုင်ငံသင်္ဘောသားလောကကို အမျိုးအစား ၃ မျိုးသတ်မှတ်နိုင်ပြီး၊ ပထမတစ်မျိုးက သင်္ဘောသားတွေဆီက ပိုက်ဆံမယူပဲ နိုင်ငံခြားသင်္ဘောလိုင်းတွေနဲ့ ချိပ်ဆက်ပေးတဲ့ အေးဂျင့်၊ ဒုတိယတစ်မျိုးက သင်္ဘောသားနဲ့ ကုမ္ပဏီနှစ်ဖက်လုံးက ငွေကြေးအသင့်အတင့်ယူပြီး ချိပ်ပေးခြင်း၊ တတိယကတော့ သင်္ဘောသားတွေဆီက ပိုက်ဆံများစွာယူထားသော်လည်း မှန်ကန်တဲ့ကုမ္ပဏီတွေနဲ့ ချိပ်ဆက်ပေးခြင်း မရှိတာမျိုးတွေဟု သင်္ဘောသားအသိုင်းအဝိုင်းမှ ကြားသိရပါတယ်။
မှန်မှန်ကန်ကန် ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး သွားတဲ့လူတွေက ကိုရီးယားနဲ့ ဂျပန်လိုင်းတွေမှာ အများဆုံး လုပ်နေကြတယ်။ အများစုကတော့ လိုင်းအသေးတွေ မှာ လုပ်နေကြတာများတယ်။ လတ်တလော ထိခိုက်မှု တော့ သိပ်မရှိနိုင်ပါဘူး
ဟု တောင်ကိုရီးယားနှင့် ဂျပန်သင်္ဘောလိုင်းများတွင် လက်ရှိအလုပ်လုပ်ကိုင်နေသူတဦး က ပြောကြားသည်။
ယခုနောက်ဆုံး ကမ္ဘာ့အဆင့် ၇ နေ ပိုရာမှာရှိနေတဲ့ “Hanjin” သင်္ဘောကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်လောက်က စတင်ပြီး ကမ္ဘာအနှံ့ဝယ်လိုအားတွေ တဖြည်းဖြည်းကျဆင်းလာမှုရဲ့ ရိုက်ချက်ကို ကြံ့ကြံ့ခံထားခဲ့ပေမယ့် ၂၀၁၆ ခုနှစ်အရောက်မှာ ကုန်သေတ္တာသယ်ယူခတွေ အဆမတန်ထိုးကျခဲ့တာကြောင့် သင်္ဘောအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာပြီး ရံဖန်ရံခါ ကုန်သေတ္တာမပြည့်ပဲ ပေးဆွဲခဲ့ရတာမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက်မှာတော့ အရှုံးတွေပေါ်ကာ အကြွေးတွေကို မရှင်းပေးနိုင်တော့ပါဘူး။ ဒီလို ကျဉ်းကျပ်တဲ့အခြေနေကြားထဲမှာ ရှယ်ယာဝင်တွေက ရှယ်ယာတွေရောင်းထုတ်ခဲ့တာကြောင့် ရှယ်ယာဈေးတွေပါ ထိုးဆင်းခဲ့ပြီး နောက်ဆုံးမှာတော့ ဒေဝါလီခံရတော့မယ် အခြေနေကို ဆိုက်ရောက်ခဲ့ရပါတယ်။
Hanjin သင်္ဘောလိုင်းရဲ့ အဖြစ်အပျက်ကြောင့် သင်္ဘောလိုင်းလုပ်ငန်းရှင်များ ပူးပေါင်းတိုင်ပင်၍ သင်္ဘောပြေးဆွဲခ (charter rate) ကို ဆွဲတင်နေကြပြီး လစ်လပ်သွားတဲ့ “Hanjin” သင်္ဘောလိုင်းနေရာမှာ အခြားသင်္ဘောလိုင်းတွေ ဖြည့်စွက်ပြေးဆွဲနိုင်မယ့် အခွင့်အရေးရလာတော့မှာ ဖြစ်လို့ အခြားလိုင်းတွေအတွက် အခြေအနေကောင်းလားဖို့ရှိပါတယ်လို့ မြန်မာသင်္ဘောလောကသားတစ်ဦးဖြစ်သူ “ကိုသီဟအောင်” က သူ့ရဲ့ facebook မှာ သုံးသပ်တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် သင်္ဘောသားမှတ်ပုံတင်ထားသူ တသိန်းကျော်ရှိပြီး လက်ရှိ နိုင်ငံခြားသင်္ဘောလိုင်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာသင်္ဘောသား သုံးသောင်းကျော်ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်သမားအဖွဲ့ချုပ်(MSF) ထံမှသိရသည်။
Ref: News Watch, Thiha Aung