BEC-TERO TV

အမှိုက်ကို ရွှေဖြစ်စေသော လက်ပိုင်ရှင်

06 Sep 2016     1,360 Views


နှစ်ထပ်တိုက် အိမ်လေးရှိသော ခပ်ကျဉ်းကျဉ်း ခြံလေးထဲ လှမ်းဝင်လိုက်သည်နှင့် ပလတ်စတစ် ဘူးခွံများ၊ ရောင်စုံကော်မီမစ် အိတ်ခွံ အဟောင်းများ၊ ပလတ်စတစ်အိတ် အဟောင်းများ ထည့်ထားသော ဧရာမအိတ်ကြီးများကို တွေ့ရသည်။ ထိုနေရာသည် ပလတ်စတစ် အဟောင်းများ ဝယ်သည့် အဝယ်ဒိုင် တစ်ခုလား။ သို့မဟုတ် ပလတ်စတစ် စက်ရုံအငယ်စား တစ်ခုအလား စိတ်ထဲ ထင်မှတ်သွားနိုင်၏။ သို့သော် ခြံဝင်းထဲ ဝင်လာပြီး နေအိမ်အတွင်း ရောက်လာသည့်အခါတွင်တော့ လက်ရာမြောက်လှသော ရောင်စုံ ပန်းချီကားချပ်များထံမှ အနုပညာကို ထင်ဟပ် ခံစားရမည်ဖြစ်သည်။ ထိုပန်းချီကားများကို အနီးကပ် သွားကြည့်လျှင် ပိုမို အံသြသွားရ၏ ။ ပန်းချီကားချပ်များ အားလုံးသည် အရောင်ခြယ်ဆေးများ၊ စုတ်တံများ အသုံးပြုကာ ရေးဆွဲထားခြင်း မဟုတ်ပဲ လူအများက အမှိုက်အဖြစ် စွန့်ပစ်ထားသော ရောင်စုံ ပလတ်စတစ်အစများ၊ ဘူးခွံများဖြင့် ပုံဖော်ပြု လုပ်ထားသည်ကို တွေ့ရသည်။
 
ယင်းနေရာကား စွန့်ပစ် အမှိုက်များကို ရွှေဖြစ်စေသည့် လက်ပိုင်ရှင် ပန်းချီ စန်းဇော်ထွေး၏ နေအိမ်ပင်ဖြစ်သည်။
“ကျွန်တော် ၁၉၉၉ ခုနှစ်မှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ထောင် ၃၆ နှစ် ကျသွားတယ်။ ထောင်ထဲမှာ အကြာကြီး နေရတဲ့အခါ အဲဒီအချိန်တွေကို ဘယ်လို ဖြတ်ကျော်ရမလဲ ကျွန်တော် စဉ်းစားတယ်။ သူများတွေ ပန်းချီဆွဲတာ မြင်တဲ့အခါ ကျွန်တော်လည်း ဆွဲချင်လာတယ်။ အိမ်ကိုမှာတဲ့အခါ ပန်းချီပစ္စည်းတွေ သွင်းခွင့်မပေးဘူးဗျ။ အဲဒါနဲ့ ရတဲ့ပစ္စည်းနဲ့ ငါပန်းချီ ဆွဲမယ်ဆိုပြီး ဒီလို စွန့်ပစ်ပစ္စည်းတွေနဲ့ ပန်းချီဆွဲဖို့ ဖြစ်လာတာပါ”ဟု ကိုစန်းဇော်ထွေးက ဆိုသည်။
 
 
ပန်းချီ စန်းဇော်ထွေးကို တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် မိကျောင်းအိုင် ကျေးရွာတွင် မွေးဖွားသည်။ ၁၉၈၈ ခုနှစ်၊ ကိုစန်းဇော်ထွေး လေးတန်းအရောက် မိဘများနှင့်အတူ ထားဝယ်မှ ရန်ကုန်မြို့သို ပြောင်းရွှေ့ခဲ့သည်။ သင်္ဃန်းကျွန်း အ.ထ.က(၃) တွင် ပညာဆက်လက် သင်ကြားသည်။
 
ကိုစန်းဇော်ထွေးနှင့် မိဘများ ရန်ကုန်သို့ပြောင်းရွှေ့ အခြေချခါစတွင်ပင် လမ်းစဉ်ပါတီ အစိုးရက ငွေစက္ကူများကို တရားမဝင် ကြေညာခဲ့သဖြင့် မိသားစု စီးပွားရေး ယိမ်းယိုင်ခဲ့ရသည်။
 
“အဲဒီအချိန်ကတည်းက ကျွန်တော် စဉ်းစားကြည့်တယ်။ ငါတို့ မိသားစုတွေ ရိုးရိုးသားသား ရှာဖွေထားတဲ့ ပိုက်ဆံတွေကို အစိုးရက တရားမဝင်ဘူးလို့ လက်လွတ်စပယ် ကြေညာလို့ ရသလားပေါ့။ အဲဒီမှာ နိုင်ငံရေး အခြေခံစိတ် စတင်လာတယ်လို့ ကျွန်တော်တော့ ထင်တယ်”ဟု ကိုစန်းဇော်ထွေးက ဆိုသည်။ 
 
ကိုစန်းဇော်ထွေးတို့ ရန်ကုန်သို့ ပြောင်းရွှေ့ပြီး သုံးနှစ်အကြာတွင် ၁၉၈၈ ခုနှစ် အရေးအခင်းကြီး ဖြစ်ပွားခဲ့သည်။ ကိုးနှစ်တွင်မှ ကျောင်းစနေခဲ့ရသော ကိုစန်းဇော်ထွေးသည် ထိုအချိန်တွင် အသက် ၁၅ နှစ်အရွယ်၊ ခြောက်တန်းကျောင်းသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
 
“အရေးအခင်းကာလမှာ ကျွန်တော် မပါဖြစ်ပေမယ့် အရေးအခင်း ပြီးသွားပြီး NLD ပါတီဖွဲ့တဲ့အခါ ကျွန်တော် သင်္ဃန်းကျွန်း NLD ပါတီလူငယ်အဖြစ် ပါဝင်ဖြစ်တယ်။ ၁၉၉ဝ ကျော်ကာလမှာ NLD ပါတီဟာ ရပ်/ကျေးအဆင့်၊ မြို့နယ် အဆင့်အထိ ရပ်တည်ဖို့ ခက်ခဲလာတယ်ဗျ။ အဲဒီအချိန်က ကျွန်တော်က ဆယ်တန်းဖြေပြီး တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ ကာလဆိုတော့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့ ပိုနီးစပ်ဖို့ ဖြစ်လာတယ်”ဟု ကိုစန်းဇော်ထွေးက ပြောပြသည်။
 
၁၉၉၄ တွင် တက္ကသိုလ်များ ပြန်ဖွင့်သည့်အခါ ကိုစန်းဇော်ထွေးသည် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင် နယ်မြေ) တွင် သမိုင်း အဓိကဖြင့် တက်ရောက်ခဲ့၏။
 
၁၉၉၆ ဒီဇင်ဘာလ ကျောင်းသား လှုပ်ရှားမှုတွင် ကျောင်းများ ပြန်ပိတ်သွားသဖြင့် ကိုစန်းဇော်ထွေးသည် ပြင်ပတွင် အခြား အသက်မွေးမှု သင်တန်းများ တက်ရောက်ခဲ့သည်။
 
“အဲဒီလို ကျောင်းပိတ်ပြီး အပြင်မှာ သင်တန်းတွေ တက်ရတဲ့အခါ ကျွန်တော်တို့ လူငယ် အချင်းချင်း စုစည်းမိကြတယ်။ စကားတွေ ပြောဖြစ်ကြတယ်။ အဲဒီအချိန်က NLD ကလည်း လွှတ်တော် ခေါ်ယူ ပေးရေးကို အစိုးရဆီ စာပို့ထားတဲ့ အချိန်ဗျ။ အဲဒါကို အခြေပြုပြီး  သြဂုတ် ၂၄ ရက်မှာ ကျွန်တော်တို့က လွှတ်တော် ခေါ်ယူပေးရေး ဆန္ဒပြမယ်လို့ ကျွန်တော်တို့ အစီအစဉ် ဆွဲကြတယ်”ဟု ကိုစန်းဇော်ထွေးက ဆိုသည်။
 
ထိုဆန္ဒပြပွဲပြီးသည့်နောက် ၁၉၉၈ ခုနှစ်တွင် ကိုစန်းဇော်ထွေးကို လိုက်လံဖမ်းဆီးခဲ့သဖြင့် မုံရွာသို့ တစ်နှစ်ကျော် တိမ်းရှောင်ခဲ့သည်။
 
၁၉၉၈ ခုနှစ် နှောင်းပိုင်းကာလများတွင် (၉)လေးလုံး လှုပ်ရှားမှုအတွက် လှုံဆော်စာများ ကြဲရန် ကိုစန်းဇော်ထွေးနှင့် သူငယ်ချင်း သုံးယောက် ရန်ကုန်သို့ ပြန်တက်လာခဲ့သည်။
 
“ကျွန်တော် ရန်ကုန်ရောက်ပြီး သင်္ဃန်းကျွန်းအိမ်မှာ အိပ်နေတုန်း ကျွန်တော့်အိမ်ကို လာဖမ်းကြပြန်တယ်။ အဲဒီမှာလည်း ကျွန်တော် အိမ်နောက်ဖေးက ထွက်ပြေးပြီး လွတ်သွားပြန်တယ်”ဟု ကိုစန်းဇော်ထွေးက ဆိုသည်။
 
ထို့သို့ တိမ်းရှောင်နေရင်း လက်ဖက်ရည်ဆိုင် တစ်ခုတွင် အရပ်ဝတ် ရဲများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ကိုစန်းဇော်ထွေး အပါအဝင် အမှုတွဲ ကိုးယောက်တို့သည် ၅(ည)၊ ၁၇(၁)၊ ၁၃ (၁) တို့ဖြင့် ထောင်တွင်း စစ်ခုံရုံး၏ ထောင်ဒဏ် (၃၆) နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။
 
“ထောင်ကျတော့ ကျွန်တော့်အသက်က (၂၄) နှစ်ဗျ။ ပထမ ပန်းချီဆွဲမလို့ဗျ။ ဒါပေမဲ့ ထောင်က ပန်းချီပစ္စည်းတွေ ပေးမသွင်းခဲ့ဘူး။ ဒါနဲ့ ဒီ Recycle Art တွေ ဆွဲမယ်ဆိုတော့ ဒီအတွက် လိုအပ်တာတွေက ကော်ဖီမစ်ခွံတွေ၊ ပလတ်စတစ်အိတ် အစတွေ၊ ဒါတွေက ထောင်ထဲ တရားဝင် သွင်းခွင့်ရတာတွေ ဖြစ်နေတော့ အဆင်ပြေတယ်”ဟု ကိုစန်းဇော်ထွေးက ဆိုသည်။
 
ပန်းချီဆွဲရန် လိုအပ်သည့် ကော်ဖီမစ်ခွံ၊ ပလတ်စတစ်အိတ်များမှာ ထောင်တွင်း တရားဝင် ထားရှိရန် လွယ်ကူသော်လည်း အခြားပစ္စည်းများ ဖြစ်သည့် ကပ်ကြေး၊ ကော်တို့ကိုမူ ထောင်အာဏာပိုင်တို့ မမြင်စေရန် ဝှက်ထားခဲ့ရသည်။
 
“ကပ်ကြေးကို ပလတ်စတစ်နဲ့ ထုပ်ထားရတယ်။ ပြီးရင် မိလ္လာအိုးထဲ ထည့်ဖွက်ထားရတယ်။ တစ်ခါတလေလည်း ကိုယ်ပါထားတဲ့ အညစ်အကြေးထဲ ထည့်ဖွက်ရတယ်။ လူလစ်မှ ထုတ်ပြီး ကိုယ့်ဘာသာ ရေဆေးသုံးပေါ့။ ကော်ကတော့ တာဝန်ကျ ဝန်ထမ်း တစ်ယောက်ကို အကူအညီ တောင်းပြီး သူယူလာပေးတာကို ဘာမီတွန် ဘူးတို့ ဘာတို့ထဲ ထည့်ဖွက်ရတာပေါ့”ဟု ကိုစန်းဇော်ထွေးက ဆိုသည်။
 
ကြမ်းတမ်းလှသော နိုင်ငံရေး ခရီးလမ်းမှတစ်ဆင့် အကျဉ်းထောင်တွင်း ရောက်ခဲ့ရသည့် ကိုစန်းဇော်ထွေးအတွက် ထောင်တွင်း အနုပညာ ခရီးလမ်းမှာလည်း အခက်အခဲ များစွာနှင့်ပင်။
 
မူးယစ်ဆေးမှုဖြင့် ထောင်ကျနေခဲ့သော အကျဉ်းသား တစ်ဦးကလည်း အရောင်များနှင့် ပတ်သက်သည့် အကြောင်းများ၊ ပလတ်စတစ်စများဖြင့် ပန်းချီကား ပြုလုပ်ခြင်းများကို ပညာမျှဝေခဲ့သည်ဟု ကိုစန်းဇော်ထွေးထံမှ သိရသည်။
 
ထောင်ထဲတွင် ကိုစန်းဇော်ထွေး အများစု လုပ်ဖြစ်သည်က ဒေါင်းပုံများ ဖြစ်သည်။ လုပ်သလောက် အသိမ်းခံရသည်ကလည်း ဒေါင်းပုံများပင်။
 
“ဒီအနုပညာဟာ ထောင်ထဲမှာ အကျဉ်းချခံနေ ရတဲ့အချိန်မှာ ကျွန်တော့်အတွက် စိတ်ထွက်ပေါက် တစ်ခုလို ဖြစ်လာတယ်။ ပုံတစ်ပုံကို လုပ်နေတဲ့အခါ ပုံထဲကို စိတ်က ရောက်နေတဲ့အတွက် အချိန်တွေဟာ ခဏလေး ကုန်သွားတယ်လို့ ခံစားရတယ်”ဟု ပွစာကျဲနေသော ပလတ်စတစ် အိတ်ခွံများကြားတွင် ထိုင်နေရင်း ကိုစန်းဇော်ထွေးက ဆိုသည်။
 
ထောင်တွင်းနေရစဉ်တွင် ခါးနာသည်ဟု အကြောင်းပြကာ ကတ်ထူများ၊ ပလတ်စတစ်စများကို အိပ်ရာအောက်တွင် သိမ်းဆည်းထားလေ့ ရှိသည်။
 
ထောင်ထဲတွင် ၁၃ နှစ်ကျော် ကြာမြင့်ပြီး ၂ဝ၁၂ သြဂုတ်လတွင် ကိုစန်းဇော်ထွေး အကျဉ်းထောင်အတွင်းမှ လွတ်မြောက်ခဲ့၏ ။
 
“လွတ်လာတဲ့အခါလည်း အထဲမှာ လုပ်ခဲ့သမျှ ပန်းချီကားတွေရော၊ ပလတ်စတစ် အစတွေကအစ ကျွန်တော် အကုန် ပြန်ယူလာခဲ့တယ်။ အပြင်ရောက်တဲ့ အခါကျတော့ နံရံကြားက အနုပညာဆိုတဲ့ ပန်းချီပြပွဲမှာ ပထမဆုံး ဝင်ပြဖြစ်တယ်”ဟု ပန်းချီစန်းဇော်ထွေးက ဆိုသည်။
 
ထောင်ထဲတွင် ရေးဆွဲဖြစ်ခဲ့သော ပန်းချီကားများကို ရောင်းချခြင်း မပြုဘဲ နောင်တစ်ချိန်တွင် အကျဉ်းထောင်အတွင်းမှ အကျဉ်းသားများ၏ အနုပညာ ပစ္စည်းများ ပြတိုက် တစ်ခုဖြစ်လာလျှင် ပြသနိုင်ရန်အတွက် သိမ်းဆည်းထားသည်ဟုလည်း ကိုစန်းဇော်ထွေးက ၎င်း၏ ရည်ရွယ်ချက်ကို ပြောပြသည်။
 
ယခုအခါ ကိုစန်းဇော်ထွေးသည် Recycle Art ပန်းချီကားများ ရေးဆွဲ ရောင်းချပြီး ရရှိသည့် ဝင်ငွေဖြင့်ပင် ရပ်တည်နေနိုင်ခဲ့ကာ တစ်ကိုယ်တော် ပန်းချီပြပွဲပေါင်း များစွာကိုလည်း ပြသခဲ့ပြီးဖြစ်သည်။
 
ထို့ပြင် သူတတ်ကျွမ်းသော Recycle Art အနုပညာကို သုခရိပ်မြုံရှိ မိဘမဲ့ ကလေးများအား ပရဟိတ ပညာဒါနအဖြစ် သင်ကြားပေးလျက် ရှိသည်။
 
အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေး ခရီးရှည်တွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ခဲ့ရင်းက လောကဓံ၏ အထုအထောင်းများကို ခံစားခဲ့ရသည့် လက်ဖဝါးများသည် ယခုအခါ အမှိုက်မှ ရွှေဖြစ်သည့် လက်များ ဖြစ်လာခဲ့ပြီဖြစ်သည်။
 
“ကျွန်တော့် အနုပညာက လူတွေရဲ့ စေတနာနဲ့ ဖန်တီးနိုင်တာလို့ ပြောလို့ ရတယ်ဗျ။ ကျွန်တော် ဒီလိုမျိုး ဖန်တီးတတ်မှန်း သိတော့ ရပ်ကွက်ထဲကလူတွေ၊ အသိတွေက စွန့်ပစ်ရမယ့် အမှိုက်တွေကို ကျွန်တော့်ဆီ လာပို့ ပေးတတ်ကြတယ်ဗျ။ အမှိုက်က ရွှေဖြစ်တာပေါ့ဗျာ”ဟု ကိုစန်းဇော်ထွေးက ဆိုလိုက်သည်။
 
ခက်ဇော်(KZ)
 

06 Sep 2016     1,360 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS