ကျေးရွာအတွက် ရာအိမ်မှူးပြန်လည်ရွေးချယ်ပွဲတွင် ရွာသားများကို သေနတ်ထုတ်ပြီး ခြိမ်းခြောက်ခဲ့သော ဒုရဲအုပ်အား ဖမ်းဆီးထိန်းသိမ်း
08 Sep 2016 1,514 Views

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မဒဲန့်ယန်(မှော်ပုံ) ကျေးရွာတွင် ပြုလုပ်သော ရာအိမ်မှူးပြန်လည် အသစ်တင်မြှောက် ရွေးချယ်ပွဲတွင် ရွာခံပြည်သူများက ယခင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်း တင်မြှောက်ရန် အကြံပြုဆွေးနွေးကြစဉ် ရွာသူရွာသားများက လက်ခုပ်လက်ဝါးတီး ထောက်ခံခဲ့ရာ အနည်းငယ် အသံဆူညံခဲ့သည်။ ထိုအချိန်တွင် အုပ်ချုပ်ရေးမှုးရွေးချယ်ပွဲသို့ လက်ရှိ အုပ်ချုပ်ရေးမှုး၏ ဖိတ်ကြားမှုနှင့် တက်ရောက်လာသော ဒုရဲအုပ် စိုးဇော်ဇော်က သေနပ်ထုတ်ကာ ရွာသားများကို ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။
ရွာသူရွာသားတွေက ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ကို အဟောင်း မထားတော့ဘူး။ အားလုံးအသစ်လဲမယ် ပြောတယ်။ ဒါကို လက်ခုပ် လက်ဝါးတီးပြီး ရွာသူရွာသားတွေက ထောက်ခံကြတယ်။ အဲဒီမှာ ရဲအုပ်ကထပြီး သေနတ်နဲ့ ချိန်ပါတယ်။ ကျွန်တော့်ကိုကျ လူစည်းရုံးတယ်ဆိုပြီး နဖူးကို သေနတ်နဲ့ ချိန်ပါတယ်။ ကျန်တဲ့ နှစ်ယောက်လည်း နဖူးမှာ အချိန်ခံရတယ်
ဟု မှော်ပုံကျေးရွာမှ ဦးလရော်က ဆိုသည်။
ဆယ်အိမ်ခေါင်းအဖြစ် ရွေးချယ်ခံရသူ မှော်ပုံကျေးရွာမှ ဦးလှကျော်က ဝင်ရောက်ဖြန်ဖြေခဲ့ရာ ဒုရဲအုပ် စိုးဇော်ဇော်က ခြေထောက်ဖြင့် အချက်များစွာကန်ခဲ့ကောင်းကို အောက်ပါအတိုင်း ပြောပြသည်။
ဦးမာတူးတို့ကို သေနတ်နဲ့ချိန်တော့ ကျွန်တော်က ဗိုလ်ကြီး ဒါရန်သူ မဟုတ်ဘူး။ အဲဒီလိုလုပ်စရာ မလိုဘူးလို့ ပြောတော့ ကျွန်တော့်ကို မဲတော့တာပဲ။ ကျွန်တော့်ကို သေနတ်နဲ့ချိန်ပြီး ပစ်သတ်မယ်ဆိုပြီး ပြောတယ်။ ရွာသားတွေ ပြန်သွားတော့ ကျွန်တော်တို့ ဆယ်အိမ်ခေါင်း အရွေးခံတဲ့သူတွေ စုပြီးကျန်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ရဲကကျွန်တော့်ကို ခြေထောက်နဲ့ ကန်တယ်။ ကန်ချက်တွေကတော့ အများကြီးပဲ။ တစ်ချက်ပဲ ကောင်းကောင်းထိတယ်။ အားလုံးဝိုင်းပြီး ဖြန်ဖြေကြရတာ
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက “လုံးခင်းကျေးရွာ မှော်ပုံမှာဖြစ်တာ။ ကချင်ပြည်နယ် အစိုးရ အဖွဲ့ကိုလည်း အကြောင်းကြားပြီးပါပြီ။ ဆယ်အိမ်မှူး ရုံးပေါ်မှာဖြစ်တာ။ Movie တွေလည်း ရှိထားတော့ ပျံ့ကုန်တာပေါ့” ဟု ဆိုသည်။
ရွာသားများကို ခြိမ်းခြောက်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ဒုရဲအုပ် စိုးဇော်ဇော်မှာ ယခင်က ကျေးရွာဂိတ်စခန်းတွင် တာဝန်ပေးထားခဲ့သူတစ်ဦး ဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် တာဝန်မှ ချက်ခြင်းပြန်လည်ရုပ်သိမ်းကာ စစ်ကြောင်းရုံးတွင် ထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ရဲတပ်ရင် (၁၆) မှ မှော်ပုံကျေးရွာ တပ်ခွဲမှူး ဦးကျော်ကျော်စိုးက ပြောကြားခဲ့သည်။
Ref: Eleven