BEC-TERO TV

ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်ရန် လိုအပ်နေသည့် ရိုးရိုးလေးဟိုတယ်ကိစ္စ

12 Sep 2016     1,274 Views


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဆံတော်ရှင်ရင်ပြင်၌ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခဲ့သော ဦးသိန်းနိုင် (ခ) ဦးနေထက်သိန်းနိုင်၏ ရိုးရိုးလေးဟိုတယ် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပြန်ပေးမည်၊ မပေးမည်ဆိုသည်နှင့် ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
 
"ဒီရိုးရိုးလေးလုပ်ငန်း လိုင်စင်ပြန်လည်ရရှိဖို့ တင်ပြထားတယ်ပေါ့နော်။ ဒီကိစ္စကို ကျွန်တော်တို့ဝန်ကြီး ဌာနက သက်ဆိုင်ရာလူကြီးတွေစုံလို့ရှိရင်တော့ ပြန်လည်ဆွေးနွေးသွားဖို့ရှိပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးမြင့်ထွေးက ပြောသည်။ 
ရိုးရိုးလေးဟိုတယ်ကိစ္စနှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တစ်လအတွင်း မဖျက်သိမ်းပါက ရိုးရိုးလေးဟိုတယ်ပိုင်ရှင် ဦးနေထက်သိန်းနိုင် ပိုင်ဆိုင်သည့် တောင်ပေါ်ရှိ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပစ်မည်ဖြစ်ကြောင်း ဇွန်လ ၂၇ ရက်က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရုံးခန်း၌ ပြုလုပ်သည့်အစည်းအဝေး၌ အောက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
ဒီနေ့ကစပြီး တလအတွင်းမှာ စပြီးဖျက်သိမ်းရမယ်။ တကယ်လို့ ဆုံးဖြတ်ချက်ကို နာခံဖို့ ပျက်ကွက်ခဲ့လို့ရှိရင် ဒီတောင်ပေါ်က အဲဒီပုဂ္ဂိုလ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေ အကုန်လုံးရပ်ဆိုင်းရမယ် 
ရိုးရိုးလေးဟိုတယ်မှ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အခန်း ၁၀၆ ခန်းကို တလအတွင်းပိတ်သိမ်းရန် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်တွင် ညွှန်ကြားခဲ့သော်လည်း လိုက်နာမှု မရှိသည့်အတွက် ဝန်ကြီးဌာနက သြဂုတ် လ ၁၁ ရက်တွင် လုပ်ငန်းလိုင်စင်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
ရိုးရိုးလေးကိစ္စက ခွင့်ပြုချက်မဲ့ ဆောက်လို့ ဖျက်ခိုင်းမယ်။ မဖျက်ဘူး။ လိုင်စင်သိမ်းတယ်။ KNU က ဝင်ညှိတယ်။ ဒီတော့ဝန်ကြီးဌာနက ပြန်ဆွေးနွေးမယ်ဆိုတော့ အစိုးရအနေနဲ့ ဒီကိစ္စကို မလုပ်ဘူးဆိုလည်း မလုပ်နဲ့၊ လုပ်မယ်ဆိုလည်း ဥပဒေကြောင်းနဲ့အညီ နောက်မဆုတ်ပဲလုပ်။ ဒီလိုမဟုတ်ဘဲ လုပ်မယ်ပြောလိုက်၊ ပြန်ညှိ လိုက်၊ ပြန်လျှောချလိုက်ဖြစ်နေရင် အစိုးရတစ်ရပ်က ကိုယ့်သိက္ခာကိုယ်ချသလို ဖြစ်နေတယ်။ နောက် ဟိုလူ့ကျတော့ ဒီလိုပေးတယ်။ ဒီလူကျတော့ ဒီလိုဖြစ်တယ်ဆိုတဲ့ ခွဲခြားမှုပုံစံမျိုးဖြစ်လာရင် လုပ်ရကိုင်ရ ခက်လာလိမ့်မယ်။ ပြည်သူတွေကပါ အထင်လွဲလာနိုင်တယ်..
ဟု ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဝါရင့်နိုင်ငံရေး သမားဒေါက်တာဇော်မြင့်က မှတ်ချက်ပြုသည်။ 
 
လုပ်ငန်းလိုင်စင်သိမ်းခံရသည့် ရိုးရိုးလေးဟိုတယ်ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင်ပြန်လည်ရရှိရေးကို KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး လက်မှတ်ထိုး၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ သြဂုတ် လ ၃၀ ရက်တွင် စာပေးပို့တောင်းဆိုထားပြီး ရိုးရိုးလေးကုမ္ပဏီ သည် KNU တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်အတွင်း ပီးခိုင်းတောင်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်ကာ တိုးချဲ့ခဲ့သည့်အခန်းပိုများ ဖျက်သိမ်းခြင်းကို လက်ခံသော်လည်း မူလလိုင်စင်ကိုပါ မရုပ်သိမ်းစေလိုသည့်အတွက် KNU ထံသို့ အသနားခံတင်ပြခဲ့ကြောင်း KNU က ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
 
''ရိုးရိုးလေးရဲ့ တရားဝင်လုပ်ငန်းလိုင်စင်က ၁၃၅ ခန်း၊ ၁၀၆ ခန်းကို ထပ်တိုးချဲ့ထားတာကို ဖျက်ခိုင်းတယ်။ မဖျက်ဘူး။ ဝန်ကြီးဌာနရဲ့ ဥပဒေလုပ်ထုံး လုပ်နည်းတွေကို ဖောက်ဖျက်ခဲ့လို့ လိုင်စင်ပြန်သိမ်းခဲ့တာပါ။ ဝန်ကြီးဌာနအနေနဲ့ ပြန်ဆွေးနွေးသွားဖို့ ရှိပါတယ်''ဟု ဦးမြင့်ထွေးက ဆက်လက်ပြောသည်။
 
''NLD အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာ ပြတ်သားမှု သိပ်မရှိတာတွေ့ရတယ်။ ရန်ကုန်က အထပ်မြင့်ကိစ္စတုန်းကလည်း ဟုတ်မလိုလိုနဲ့ နောက်တော့ပြန် လုပ်ခွင့်ပေးလိုက်တယ်။ အခုရိုးရိုးလေးလည်း ဒီအတိုင်းပဲ လာဦးမယ်နဲ့တူတယ်'' ဟု ဟိုတယ်လုပ်ငန်းနှင့် နီးစပ်သူတဦးက ပြောသည်။
 
မောင်ထက်
 
Credit: NewsWatch

12 Sep 2016     1,274 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS