BEC-TERO TV

တံငါစုတွင် ငါးပူတင်းစားမိသောကြောင့် ရေလုပ်သား မိသားစုဝင် ခုနစ်ဦး မူးဝေအော့အန်ခဲ့ပြီး နှစ်ဦးသေဆုံး

15 Sep 2016     1,319 Views


- တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ မောင်းမကန်ကမ်းခြေနှင့် တစ်ဆက်တည်း တည်ရှိနေ ရေလုပ်ငန်းလုပ်ကိုင်သည့် ရေလုပ်သား မိသားစုဝင် ခုနစ်ဦး ငါးပူတင်းစားမိရာမှ မူးဝေအော့အန်မှုဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း

- စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက သေဆုံးသူ ဦးသန်းနိုင်၏ သားဖြစ်သူမှာ ရွာကမ်းခြေရှိ ကျောက်ဆောင်အနီး ငါးမျှားခဲ့ပြီး ငါးပူတင်း အမျိုးအစား (ဒေသအခေါ် ငါးပူတင်းသံခဲ) အမည်ရှိငါးအား ဖမ်းဆီးရမိခဲ့ပြီးနောက် နေအိမ်သို့ ယူဆောင်လာကာ ဟင်းချက်ခဲ့ကြောင်း

- ၎င်းဟင်းအား သေဆုံးသူ အသက် ၅၀ အရွယ် ဦးသန်းနိုင် အပါအ၀င် အသက်ခြောက်နှစ်မှ ၁၅ နှစ်အတွင်းရှိ ၎င်း၏ သမီးလေးဦး၊ သားဖြစ်သူ တစ်ဦးနှင့် တူဖြစ်သူ တစ်ဦးတို့ စားသောက်ခဲ့ကြပြီးနောက် မူးဝေအော့အန်မှု ဖြစ်ပွားခဲ့ကာ ဆေးရုံသို့ တင်ပို့ခဲ့ပြီး ဦးသန်းနိုင်နှင့် ၎င်း၏အသက် ကိုးနှစ်အရွယ် သမီးတစ်ဦးတို့ ထားဝယ်ဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးခဲ့ကြောင်း သိရသည်

“သူတို့ စဖြစ်တာတော့ စားတာက ၁၀ နာရီလောက်က စစားတာ။ တော်တော်လေး အခြေအနေဆိုးတဲ့ အခါကျတော့ သူ့သမီးက ကျွန်တော်တို့ကို လာခေါ်တယ်။ လာခေါ်တဲ့ အချိန်က ၁၂ နာရီခွဲလောက် ဖြစ်သွားပြီ။ ကျွန်တော်တို့ ရောက်တာနဲ့ သူ (ဦးသန်းနိုင်)ကို နင်းနှိပ်ပေး၊ ကန်စွန်းရွက်တွေထောင်းပြီး အရည်ညှစ်ကာ တိုက်လိုက်တယ်။ တိုက်လိုက်ပြီး တစ်ခါအန်တယ်။ ဒီပုံစံနဲ့တော့ မရနိုင်ဘူး။ ဆေးရုံချက်ချင်းသွားမှ ရမယ်ဆိုပြီး ကားခေါ်ပြီး ဆေးရုံ ထွက်သွားတယ်။ဆေးရုံရောက်တဲ့ အချိန်က မွန်းလွဲ ၂ နာရီလောက် ရှိပြီ။ ရောက်တဲ့အချိန်မှာ ဆေးစစ်ချက်တွေယူပြီး ဆရာဝန် လာကြည့်တယ်။ သွေးတွေ၊ ဘာတွေသွင်းပြီး အခြေအနေမေးပြီး ခြေထောက်တွေ၊ လက်တွေမြှောက်ခိုင်းတာ့ မမြှောက်နိုင်တော့ဘူး။ စားတဲ့အချိန်ကို ဆရာဝန်က မေးတဲ့အချိန်မှာ အချိန်က လေးနာရီလောက် လွန်နေပြီပေါ့။ သူအတတ်နိုင်ဆုံး ကြိုးစားပေးမယ်ပေါ့။ ဆရာဝန်တစ်ယောက် စမ်းသပ်ပြီး လုပ်ပေးနေတုန်း လုပ်ရင်းလုပ်ရင်းနဲ့  နှလုံးခုန်နှုန်းက နှေးလာတယ်။ ရှော့တွေဘာတွေရိုက်ပြီး အတတ်နိုင်ဆုံး ကြိုးစားပေးတာပဲ။ ဒါပေမဲ့ မရတော့ဘူး။ ဆေးရုံမှာ တစ်နာရီ နီးပါးလောက်ပဲ ခံလိုက်ပြီး သေသွားတယ်။ စားတာကတော့ သူ့မိသားစု ခုနစ်ဦးရှိတယ်။ သူ့သမီးလည်း ဆေးရုံရောက်ပြီး နှစ်နာရီလောက် အကြာမှာ သေသွားခဲ့တယ်” ဟု သေဆုံးသူ ဦးသန်းနိုင် (၅၀ နှစ်) ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ကိုမင်းမင်းက ဆိုသည်။

လူခုနစ်ဦး မူးဝေအော့အန်ပြီး နှစ်ဦး သေဆုံးစေခဲ့သည့် ငါးပူတင်း ငါးအမျိုးအစားမှာ ရှားပါးသော အမျိုးအစားဖြစ်ပြီး ၎င်း၏အရေခွံနှင့် ငါးစီဖောင်းများမှာ တန်ဖိုးရှိသော်လည်း ငါးကိုယ်အတွင်းရှိ သည်းခြေအိတ်မှာ အဆိပ်ပြင်းထန်ကြောင်း၊ ၎င်း၏အသားမှာ စားသောက်၍ ရသော်လည်း ငါးပူတင်းစာမိသူများမှာ ဟင်းချက်ရာတွင် ငါးပူတင်း၏ အသားအပြင် သည်းခြေအိတ်နှင့် အူများကိုပါ ထည့်သွင်းချက်ပြုတ် စားသောက်မိသောကြောင့် ယခုကဲ့သို့ အစာအဆိပ်ဖြစ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

Soure : news - eleven


15 Sep 2016     1,319 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS