BEC-TERO TV

လသားကလေးငယ်ကို မညှာမတာ ခုံနဲ့အတူလွှင့်ပစ်ခဲ့တာကြောင့် သေဆုံး

17 Sep 2016     1,513 Views


စက်တင်ဘာလ ၇ ရက်၊ နို့ဆို့အရွယ် ကလေးငယ်လေးကို ထိုင်ခုံနဲ့အတူ လွှဲပစ်ခဲ့တာကြောင့် ကလေးမလေး သေဆုံးသွားသည့်အတွက် အသက် ၂၄ နှစ်အရွယ် အမျိုးသား ‘ကန်နာလက်စ် ဟာနန်ဒက်စ်' ကို ရဲအဖွဲ့က လွန်ခဲ့တဲ့အပါတ်က ဖမ်းဆီးခဲ့ပါတယ်။
‘ဟာနန်ဒက်စ်’ ဟာ သူ့ရည်းစားရဲ့ အသက် ၁၁ လအရွယ် သမီးလေး ‘ရေလင်း’ ကို ထိန်းပေးတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ သူဟာ ကလေးကို စိတ်မရှည်နိုင်ဖြစ်လာပြီး ကလေးထိုင်နေတဲ့ ထိုင်ခုံကို ယူလွှင့်ပစ်ခဲ့တယ်လို့ ကျမ်းကျိမ် ဖြောင့်ချက်ပေးခဲ့ပါတယ်။ သမီးငယ်လေး ‘ရေလင်း’ ဟာ ဆေးရုံမှာ နှစ်ရက်ကြာ ကုသခံယူနေစဉ် သေဆုံးသွားခဲ့ပါတယ်။
 
‘ကန်နာလက်စ် ဟာနန်ဒက်စ်' ကို ပထမတန်းစား လူသတ်မှုအဖြစ် ကြာသပတေးနေ့က တရားစွဲခဲ့ပြီး ဒါဟာ ကလေးသူငယ်တွေကို ညှင်းပန်းမှုနဲ့ သူ့ကို တရားစွဲခံရတဲ့ ပထမဆုံးအမှုတော့ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်တုန်းကလည်း အရင်ရည်းစားဟောင်းရဲ့ သားဖြစ်သူကို ရိုက်ပုတ်ခဲ့တဲ့အတွက် တရားစွဲခံရဖူးတယ်လို့ တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။
 
၂၀၁၃ ခုနှစ်တုန်းက အမှုမှာဆိုရင် ကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အညိုမည်းဒဏ်ရာပေါင်း ၁၀၀ ကျော်နဲ့ ကိုက်ထားခံရတဲ့ ဒဏ်ရာတွေကို တွေ့ခဲ့ပါတယ်။ ကလေးငယ်ရဲ့  အသည်းမှာ အတွင်းကြေဒဏ်ရာတွေ ရသွားခဲ့ပြီး ပန်ကရိယာ မှာလည်း တစ်ဝက်လောက် စုတ်ပြဲသွားခဲ့ပါတယ်။ ‘ကန်နာလက်စ် ဟာနန်ဒက်စ်' က စုံထောက်တွေကို ပြောပြခဲ့ရာမှာတော့ အဲဒီတုန်းက ကလေးငယ်နဲ့ သူဟာ နပန်းလုံးတန်း ခပ်ကြမ်းကြမ်းကစားခဲ့တာဖြစ်ပြီး ကလေးကို နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ ဆိုပါတယ်။ ကလေးက အသက်မသေပဲ ကျန်ခဲ့ပြီး ‘ကန်နာလက်စ် ဟာနန်ဒက်စ်' ကိုတော့ အပြစ်ရှိကြောင်း ထင်ရှားတဲ့အတွက် ထောင်ဒဏ် ၄ နှစ်ကျခံခဲ့ရပါတယ်။
 
ယခုအမှုမှာ သေဆုံးခဲ့သူ သမီးငယ်လေး ‘ရေလင်း’ ရဲ့ မိခင်ဖြစ်သူ ‘အဲလက်စီယာ ကိုရီယာ’ က ‘ရေလင်း’ က သူမရဲ့ ကလေးကုလားထိုင် အမြင့်လေးပေါ်က တက်ဖို့ကြိုးစားနေရင်း အောက်ပြုတ်ကျသွားတဲ့ အချိန်မှာ သူမဟာ ရေချိုးခန်းထဲမှာ ရောက်နေတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ကလေးငယ်ရဲ့ ပါးစပ်ကနေ သွေးတွေယိုထွက်လာပြီး ခေါင်းစိုက်တွဲလောင်းလေး ဖြစ်သွားတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို စက်တင်ဘာလ ၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။
 
‘ကန်နာလက်စ် ဟာနန်ဒက်စ်' က ရဲတွေကို ပြောခဲ့ရာမှာတော့၊ သူ့ကို ‘ကိုရီယာ’ က ကလေးထိခိုက်မိကြောင်း သူ့ကို မက်စေ့ပို့လာတဲ့အချိန်မှာ သူက ‘ကိုရီယာ’ တို့အခန်းရဲ့ အောက်ထပ် နှစ်ခန်းမြောက်မှာ ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။
‘ကိုရီယာ’ က ကလေးငယ် ‘ရေလင်း’ ကို ပြန်သတိရလာအောင် မိနစ် ၃၀၊ ၄၅ မိနစ်လောက် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ကလေးရဲ့ အခြေနေ မထူးလာတဲ့အခါမှာတော့ ဆေးရုံကို ပို့ခဲ့တာ ဖြစ်ပါတယ်။
‘ရေလင်း’ ဟာ နှလုံးရပ်ခဲ့ပြီး ဥဏှောက်မှာလည်း ဒဏ်ရာအချို့ရခဲ့တဲ့အတွက် ‘ကိုရီယာ’ က ရဲတွေကို ပြောပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီမှု မရှိခဲ့တာ တွေ့ခဲ့ရပါတယ်။
 
နောက်တစ်နေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ‘ကိုရီယာ’ က ရဲတွေကို အခြားအကြောင်းပြချက် တစ်ခုနဲ့ ရှင်းလင်းခဲ့ပြန်ပါတယ်။ သူမက အခြားကလေး တစ်ယောက်ကို ကျောင်းကြိုဖို့သွားနေတုန်း ‘ကန်နာလက်စ် ဟာနန်ဒက်စ်' ဆီက ဖုန်းဝင်လာပြီး ‘ရေလင်း’ တော့ တစ်ခုခုဖြစ်နေပြီလို့ ပြောပါတယ် ဆိုပြီး ထပ်မံရှင်းလင်း ပြန်ပါတယ်။ 
စက်တင်ဘာ ၉ ရက်နေ့မှာတော့ ၁၁ လသမီးလေး ‘ရေလင်း’ ကွယ်လွန်သွားခဲ့ပါတယ်။
 
‘ကန်နာလက်စ် ဟာနန်ဒက်စ်' က ‘ရေလင်း’ နဲ့အတူ အိမ်မှာ ကျန်ခဲ့တယ်ဆိုတာကို ဝန်ခံပြီး၊ ကလေးကို လေထဲမြောက်ချီ ကစားနေရင်း ပြုတ်ကျကာ ခေါင်းကို ထိခိုက်သွားခဲ့တယ်၊ အဲ့ဒီအချိန်မှာ သူက ‘ရေလင်’ ကို ချော့ပြီး စားစရာကျွေးဖို့အတွက် ကလေးထိုင်တဲ့ ခုံအမြင့်ပေါ်ကို ပြောင်းတင်ခဲ့တယ်လို့ ဆိုပါတယ်။ 
ကလေးက ထိုင်ခုံပေါ်မှာ ကောင်းကောင်းမထိုင်တဲ့အတွက် သူက စိတ်ရှုပ်လာခဲ့ပြီး ထိုင်ခုံကို ဆွဲကာ လွှဲပစ်လိုက်လိုက်ပါတယ်၊ ကလေးက ထိုင်ခုံနဲ့အတူလွင့်စင် ပြုတ်ကျသွားခဲ့ပါတယ်။
 
စုံစမ်းစစ်ဆေးသူတွေက ကလေး သုံးယောက်ရဲ့ မိခင်ဖြစ်သူ ‘ကိုရီယာ’ က အမှုမှာ သူကိုယ်သူ ကာကွယ်ဖို့ အမှန်အတိုင်း မထွက်ဆိုခဲ့တဲ့အတွက် စွဲချက်တင်ဖို့ကိစ္စကို ဆုံးဖြတ်နေဆဲဖြစ်ပါတယ်။
‘ကန်နာလက်စ် ဟာနန်ဒက်စ်' ကိုတော့ အာမခံလုံးဝ မပေးပဲ လာရီမာအကျဉ်းထောင်မှာ အချုပ်ချထားပြီး သောကြာနေ့မှာတော့ ရုံးထုတ်မှာ ဖြစ်ပါတယ်။

17 Sep 2016     1,513 Views




RELATED

Most Popular of International News

Most Popular of NEWS