BEC-TERO TV

လူ့အခွင့်အရေးချိုးဖောက်ခံရပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့တိုင်ကြားနိုင်ကြောင်း ရဲမှူးချုပ်မျိုးဆွေဝင်း ပြောကြား

23 Sep 2016     1,427 Views


စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal ဟိုတယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် သြစတြေးလျအာရှ လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံကိန်း (AAPTIP)၏ အစီအစဉ်ဖြင့် ကျင်းပသည့် ကျား/မ တန်းတူရည်တူ တုန့်ပြန်ဖြေရှင်းသည့် ရဲလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ခဲ့သည်။
 
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသားတဦးအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရပါက သက်ဆိုင်ရာမြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်မျိုးဆွေဝင်းက ပြောကြားသည်။ 
 
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် မတ်လမှစ၍ ၂၀၁၄-၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြစ်မှုဆိုင်ရာတရားစီရင်ရေးကဏ္ဍတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းအပေါ် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် သက်ဆိုင်ရာဝန်ထမ်းများအတွက်၊ ခေတ်နှင့်အညီလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လမ်းညွှန်မှုပေးနိုင်သော အစီအစဉ်တရပ်ဖြစ်မည်ဟု ယူဆမိပါကြောင်း၊ ကျားမခွဲခြားခံရမှုနှင့် ပတ်သက်ရန် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် လိမ္မာပါးနပ်စွာဖြင့် ကိုင်တွယ်ဖြေရှင်းရမည့်အပြင် ကျားမဆိုင်ရာ အခြေခံအချက်များအား မိမိတို့လုပ်ငန်းခွင်အတွင်း သတိရှိစွာ ကိုင်တွယ်ဆောင်ရွက်နိုင်မှသာ ပြည်သူကို ကူညီဆောင်ရွက်သော ရဲအသွင်ဖြင့် ခေတ်နှင့်လျော်ညီစွာ ရပ်တည်ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း ရဲမှူးချုပ်မျိုးဆွေဝင်းက ဆက်လက်ပြောကြားသည်။
 
မြန်မာနိုင်ငံ၏ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများသည် လက်ထပ်ထိမ်းမြားခြင်း၊ လင်မယားကွာရှင်ခြင်း၊ ပစ္စည်းခွဲဝေရေး၊ သားသမီးမွေးစားရေး၊ သားသမီးများအား ထိန်းသိမ်းစောင့်ရှောက်ရေးတို့တွင် အိမ်ထောင်ရှင်အမျိုးသားများတန်းတူ ခံစားခွင့်ရှိရန်ပြဌာန်းထားကြောင်း၊ နိုင်ငံသားတဦးတယောက်သည် လူ့အခွင့်အရေးချိုးဖောက်ခံရပါက သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့သို့တိုင်ကြားနိုင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတော်မှပြဌာန်းထားသည့် ဥပဒေ/နည်းဥပဒေများအတိုင်း အရေးယူဆောင်ရွက်လျက်ရှိရာ နိုင်ငံသားတိုင်းအား ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိပါကြောင်း ရဲမှူးချုပ်က ပြောသည်။
 
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အမျိုးသမီး များ၏ အခွင့်အရေးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ အကာအကွယ်ပြုထားသကဲ့သို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပုဒ်မ (၅၂)၊ ပုဒ်မ ၃၈၂၊ ၄၈၈၊ ၅၅၂ နှင့် ရဲလက်စွဲအပိုဒ် ၁၃၆၄၊ ၁၃၈၂ တို့အရ အမျိုးသမီးများအပေါ် သီးခြားအခွင့်အရေးများ သတ်မှတ်ပေးထားကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄၊ ၃၆၆ (က) (ခ)၊ ၃၇၆၊ ၄၁၇ တို့သည် အမျိုးသမီးများအတွက် သီးခြားပြဋ္ဌာန်းထားသည့် ပြစ်မှုပုဒ်မများဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
 
AAPTIP သည် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအတွက် ကူညီပံ့ပိုးပေးနေသည့် သြစတြေးလျအစိုးရ၏ စီမံကိန်းတခုဖြစ်ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ သြစတြေးလျအာရှ လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံကိန်း (AAPTIP) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
 
Credit:ထွန်း (နေပြည်တော်)

23 Sep 2016     1,427 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS