BEC-TERO TV

ပန်ဒိုရာအဆီချလုပ်ငန်း ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှု ငရဲခန်းကို မေ့ထားကြပြီလား

28 Sep 2016     1,305 Views


မန္တလေးမြို့ကပန်ဒိုရာ အဆီချလုပ်ငန်းရဲ့ ငရဲခန်းတွေကို လူအတော်များများက ဖတ်ရှုသိထားဖူးကြပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ပါးကို စီးထားတဲ့ဖိနပ်နဲ့ အချက်ပေါင်း ၄၀၊ ၅၀ ရိုက်နှက်တာ။ ခွေးလှောင်အိမ်ထဲမှာ ခွေးတွေနဲ့အတူ ရက်ပေါင်းများစွာ ချုပ်နှောင်ထားခဲ့တာတွေကို စာဖတ်သူတွေ မေ့ကြလိမ့်ဦးမယ်မထင်ပါဘူး။
 
သို့သော် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထဲက ပြဿနာတွေဖြစ်ခဲ့တဲ့ ပန်ဒိုရာငရဲခန်းဟာ အခုဆိုရင် တစ်နှစ်နီးပါး ကြာလာခဲ့သော်လည်း ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မရှိခဲ့ပါဘူး။ ထို့အပြင် ဂျပန်ခေတ်က နှိပ်စက်သလို ခံစားခဲ့ရတဲ့ ပန်ဒိုရာမှ ကျွန်ပြုထားတဲ့ မိန်းကလေးများကို ကယ်ထုတ်ခဲ့သူ မန္တလေးနိုင်ငံရေး အင်အားစု အဖွဲ့မှ ဒေါ်အမာနီနှင့် သတင်းရေးသားသူ တို့ကို ကားနှင့်လိုက်လံတိုက်ခဲ့သဖြင့် သတင်းရေးသားသူ သေဆုံးခဲ့ပြီး ဒေါ်အမာနီမှာလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပါတယ်။
 
လတ်တလောမှာ လူတိုင်း 'တောက်' တစ်ခတ်၊ ခတ် ဖြစ်ခဲ့ကြရသည့် အင်းဝအပ်ချုပ်ဆိုင် နှိပ်စက်ကျွန်ပြုမှုထက် ပိုမိုဆိုးရွားသော ပြစ်မှုများကို ကျူးလွန်ခဲ့သည့် ပန်ဒိုရာအဆီချလုပ်ငန်းအပေါ် အရေးယူရန် ဆောင်ရွက်မှုများ တုံ့ဆိုင်းနေသည့်အပေါ် သူမ၏ လူမှုကွန်ယက်စာမျက်နှာ Facebook တွင် သတင်းထောက် မန်းသားလေး ရေးသားထားခဲ့သည့် Friday Time Journal ပါ ပန်ဒိုရာ၏ ငရဲခန်းများကို ပြန်လည်သတိရကာ ပြည်သူအများ အာရုံစိုက်လာစေရန် ထပ်မံ၍ဖော်ပြထားပါသည်။
 
=====================================================
 
 
"ကျွန်မပါးကို အချက်၅၀လောက် မနားတိုင်း အရိုက်ခံခဲ့ရတာပါ
“ကျွန်မကို ခွေးလှောင်အိမ်ထဲမှာလည်း ရက်၂၀ကျော်လောက် ထည့်ထားပါ။ ထမင်းလည်း မကျွေးဘူး။ ရေလည်း မတိုက်ဘူး။ ရေသောက်ချင်ရင် ခွေးတိုက်တဲ့ ရေကိုဘဲ ကျွန်မသောက်ရတယ်”
မျက်ဝန်းထဲမှာ မျက်ရည်အပြည့် ညှိုးငယ်နေတဲ့ မျက်နှာနဲ့ အသက်၂၀ကျော် ကောင်မလေးတစ်ဦးရဲ့ ရင်ဖွင့်ပြောဆိုသံ ကျွန်တော်ကြားခဲ့ရတာပါ။
 
ကျွန်တော်တို့ တခြားနိုင်ငံတွေမှာဘဲ ခေတ်သစ်ကျွန်ပြုခံရတယ်ဆိုတာဘဲ ဖော်ထုတ်ရေးသားနေခဲ့ကြတယ်။ ပြီးခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံ ပင်လယ်စာထုတ်လုပ်တဲ့ လုပ်ငန်းမှာ မြန်မာနိုင်ငံသားတွေကို ကျွန်ပြုပြီး ခိုင်းစေခဲ့ကြတဲ့ သတင်းကို AP သတင်းဌာနက ရေးသားဖော်ထုတ်ခဲ့ကြပါတယ်။
ကျွန်တော်တို့ အဲချိန်တုန်းက တောက်တခေါက်ခေါက်နဲ့ ရင်ထဲမကောင်းခဲ့ကြဘူး။ ထိုင်းနိုင်ငံကနေတစ်ဆင့် အင်ဒိုနီးရှားရေပိုင်နက်ကထဲက ကျွန်းစုလေးတခုမှာ ပိုက်ဆံပိုရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ဆောင်သွားရာကနေ အဲဒီကျွန်းမှာ လက်နက်နဲ့ ချိန်းခြောက်ပြီး ငွေကြေးတစ်စုံတရာမပေးဘဲ နှစ်ပေါင်းများစွာ ခိုင်းစေကျွန်ပြုခံခဲ့ရတာပါ။
 
အဲသတင်းကို ၁နှစ်ကြာအောင် လိုက်ပြီး ရေးသားဖော်ထုတ်ခဲ့လို့ ကျွန်ပြုခံရတဲ့လူပေါင်း ရာကျော်ပြန်လည် လွတ်မြောက်လာခဲ့သလို ဖော်ထုတ်ရေးသားတဲ့ မြန်မာနိုင်ငံက သတင်းထောက်လည်း နိုင်ငံတကာ ချီးမြှင့်တဲ့ ပူလစ်ဇာဆုကိုလည်း ရရှိခဲ့တာပါ။
ကျွန်တော်တို့တွေ အဲဒီဘက်ကို စိတ်ရောက်နေချိန်မှာ မထင်မှတ်ဘဲ ကျွန်တော်တို့ နေထိုင်နေတဲ့ မြို့တော် မန္တလေးမှာဘဲ ဆိုးဝါးတဲ့ ခေတ်သစ်ကျွန်ပြုစနစ်တခုကို အံ့သြမှင်သက်စွာ ကြုံတွေ့ခဲ့ရတာပါ။
မန္တလေးမြို့ အဆီချလုပ်ငန်းတစ်ခုမှာ အသက်၂၀ကျော် မိန်းကလေးတွေကို အတင်းအဓမ ခိုင်းစေခံရရုံတင်မကဘဲ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် တစ်ကိုယ်လုံး ထိခိုက်ဒဏ်ရာတွေ ပြင်းထန်ခံခဲ့ရတာပါ။
မဇာလီဝင်းဆိုတဲ့ အသက်၂၂နှစ်သာ ရှိသေးတဲ့ ကောင်မလေးကို ပန်ဒိုရာအဆီချလုပ်ငန်းက ပိုင်ရှင်တွေက နည်းလမ်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်ခဲ့ကြပါတယ်။
နေ့ဘက်မှာ ဆိုင်အဆီချလုပ်ငန်းကိုလည်း လုပ်ကိုင်ရင်း ညဘက် ကလေးထိန်းရာကနေ ခဏ အိပ်ငိုက်မိခဲ့တဲ့အတွက် ဆိုင်ပိုင်ရှင် အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို သူမနေ့စဉ် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
သူမဟာ အိမ်မှာမွေးထားတဲ့ ခွေးလှောင်အိမ်ထဲကို ခွေးငါးကောင်နဲ့ အတူတူ ထည့်ထားပြီး ခွေးကျွေးတဲ့ ထမင်းကိုလည်း ကျွေးပြီး ခွေးတိုက်တဲ့ ရေကို သောက်ခဲ့ရပါတယ်။
“သမီးကို ခွေးကျွေးဖို့ ချက်တဲ့ ထမင်းက ရေများသွားလို့ နဲနဲပျော့သွားတာ အဲဒီထမင်းကို အလုံးလုံးပြီး တစ်လုံးချင်း ဖြည်းဖြည်းခြင်း မြို့ချခိုင်းပါတယ်။ ရေလုံးဝမသောက်ရဘဲ ဒီအတိုင်းမြိုချခိုင်းတာပါ။ ထမင်းလုံးက ကြီးနေတဲ့အတွက် တော်တော်မြိုခဲ့ရပါတယ်။ သူ့လက်နဲ့ လုံးထားတာ အလုံး ၂၀ကျော်လောက် ရှိပါမယ်” ဟု ညှင်းပန်းနှိပ်စက်ခံရတဲ့ အသက်၂၂နှစ် အရွယ်ရှိ မဇာလီဝင်းက ပြောပါတယ်။
အဆီချလုပ်ငန်းဖြစ်တဲ့အတွက် ဆိုင်ကို ဧည့်သည်တွေ ဝင်ထွက်နေပြီး ဧည့်သည်တွေကလည်း ဒီကလေးမ ခွေးလှောင်အိမ်ထဲ ပိတ်လှောင်ခံရတာကို မြင်လို့ မေးကြတယ်လို့ သူမ ပြောပါတယ်။
“နောက်ပိုင်း သမီးကို ခွေးလှောင်အိမ်ထဲကနေ ထုတ်ပြီး လူအများတက်သွားနေတဲ့ လှေကားရင်း သမံတလင်းမှာ ဒီအတိုင်းဘဲ အိပ်ခိုင်းခဲ့တာပါ။ ခေါင်းအုံး၊ စောင်၊ အဝတ်စားတွေလည်း ဘာမှ မပေးပါဘူး။ သမီးမှာ နေ့တိုင်း ချမ်းလွန်းလို့ အိပ်လို့ မပျော်ခဲ့ပါဘူး။
ခွေးလှောင်အိမ်ထဲ ထည့်ခံရတဲ့အချိန်တုန်းကလည်း ခွေးအိမ်ထဲမှာ ခွေးမကြီးက ကလေးတွေမွေးနေတာပါ။ အဲဒီထဲမှာလည်း ဒီအတိုင်းအိပ်ခဲ့ရတာပါ။ ခေါင်းအုံး၊ စောင်တွေ မပေးပါဘူး။ သမီးမှာခွေးတွေထဲ အိပ်ခဲ့ရတာ အစကတော့ ကြောက်ခဲ့လွန်းလို့ အိပ်မပျော်ခဲ့ပါဘူး။ မိုးလင်းဖို့ဘဲ အမြဲဆုတောင်းနေတာပါ။ နောက်ပိုင်းတော့ ခွေးတွေနဲ့ ရင်းနှီးသွားပြီး သိပ်တော့ မကြောက်တော့ပါဘူး”
အသက်၂၂နှစ်သာ ရှိသေးတဲ့ မဇာလီဝင်းဟာ မန္တလေးမြို့မှာ ရှိတဲ့ ပန်ဒိုရာ အဆီချလုပ်ငန်းမှာ တစ်လကို ၄သောင်းကျပ်နဲ့ ၂နှစ်နဲ့ ၅လ အလုပ်လုပ်ခဲ့တာပါ။ သူမဟာ သပိတ်ကျင်းမြို့နယ်က လာခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းကို သူမရဲ့ အမတဝမ်းကွဲကနေ မိတ်ဆက်ပေးလို့ လာရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အလုပ်လုပ်နေရင်းက အလုပ်ရှင် လင်မယားရဲ့ ခြိမ်းခြောက်ခိုင်းစေမှု၊ ညှင်းပန်းနှိပ်စက်မှုတွေကို နေ့စဉ်ရက်ဆက် ခံစားလာခဲ့ရပြီး လွတ်မြောက်မဲ့ နည်းလမ်းကိုလည်း သူမ အမြဲတွေးတော ကြံဆနေပါတယ်။
တစ်လမှာ ငွေကျပ် ၄သောင်းနဲ့ ၆လစာ စာချုပ်ချုပ်ဆိုထားပေမဲ့လည်း သူမ တနေ့နေ့ လုပ်တဲ့ လုပ်ငန်းတွေထဲကနေ မကြိုက်မနှစ်သက်တာတွေ ရှိရင် အမြဲဘဲ လစာထဲကနေ အဖြတ်ခံနေရလို့ လစာထုတ်တိုင်း လခ ၂သောင်းကျော် ၁သောင်းကျော်လောက်သာ ရတယ်လို့ သူမဆိုပါတယ်။
၃ထပ်ခွဲရှိတဲ့ တိုက်ကြီး တစ်လုံးရဲ့ အတွင်းခန်းက စားပွဲတွေ ထိုင်ခုံတွေမှာ ဖုန်တွေ တွေ့ရင် ၅၀၀ကျပ် ဖြတ်တယ်။ ဧည့်ခန်းတွေမှာ ဆံပင်တမွှေးတွေ့ရင် ၅၀၀ကျပ်၊ အလုပ်သမားအချင်းချင်း စကားပြောရင် ၁၀၀၀ကျပ် ဖြတ်တယ်။ နောက်ပြီး ၆လ စာချုပ်ကနေ ၉လထိ တိုးတာတွေ လုပ်တယ်။ ပိုက်ဆံတစ်ပြားမှ မပေးချင်ဘဲ အလုပ်ခိုင်းချင်တဲ့ သဘောပေါ့။
“ပြီးတော့ ကျွန်မကို ဝိုင်းချုပ်ကြပြီး ကျွန်မအကျီင်္အဝတ်စားတွေကို ဝိုင်းဖြဲကြတာ။ ကျွန်မအကျီင်္က နိုင်လွန်အကျီင်္ဖြစ်နေတော့ တော်တော်နဲ့ မပြဲဘူး။ အဲဒီအခါ ကျွန်မ အဝတ်စားတွေကို ကတ်ကြေးနဲ့ ကိုက်ဖြတ်ပစ်ပါတယ်။ ထမီင်္တွေကိုလည်း အကုန်ချွတ်ပြီး ကျွန်မကို ဝိုင်းရိုက်ကြတာပါ”
ကလေးထိန်းရင်းနဲ့ စိတ်မကျေနပ်တာရှိရင် ပါးရိုက်ပါတယ်။ ပါးရိုက်တာ တစ်ခါတစ်ခါရိုက်ရင် အချက်၄၀၊ ၅၀ ရိုက်တာပါ။ သူလက်နဲ့ ရိုက်လို့ သူ့လက်နာလာရင် သူစီးထားတဲ့ ဖိနပ်နဲ့ ရိုက်တယ်။ ဖနှောင့်နဲ့ မျက်နှာပေါက်တယ်။ ခြေထောက်နဲ့ ဆောင့်ကန်တယ်။ သူလုပ်လို့ အားမရရင်လည်း ကျန်တဲ့ အလုပ်သမားတွေကို အတင်းရိုက်ခိုင်းတယ်။ တစ်ခါတလေဆို သမီးကို လူ၆ယောက် ၇ယောက်က ဝိုင်းရိုက်ကြတာ ပါးတွေဆို မထိနိုင် မကိုင်နိုင်အောင်ပါဘဲ။ တစ်ကိုယ်လုံးဆို နဲနဲလေးမှတောင် အထိမခံနိုင်ခဲ့ပါဘူး။
သမီးလည်း သူတို့လုပ်သမျှကို အံကြိတ်ခံပြီး တနေ့ လွတ်မြောက်နိုးနိုးနဲ့။
အဖေနဲ့ အမ အမြန်လာခေါ်ပါစေ အမြဲဆုတောင်းနေတာ။
တနေ့ သမီးတို့ ဆိုင်ကို ဆေးလာလာသုတ်နေတဲ့ ဦးလေးကြီးတစ်ဦးက သမီးအဖြစ်တွေကို နေ့တိုင်းမြင်တွေ့နေပြီး မကြည့်ရက်လို့ သမီးအဖေကို ဖုန်းဆက်ပေးတာပါ။
သူဖုန်းဆက်ပြီး နောက်နေ့ အဖေနဲ့ အန်တီဒေါ်အမာနီတို့ ရောက်လာကြတယ်။ အဲချိန် သမီးအတွက် လွတ်မြောက်မှု လမ်းစကို စရောက်တာပါဘဲ။
သူတို့က သမီးကို နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကို လမ်းကြောင်းလွှဲချင်တော့ သမီးကို ရွှေသူခိုးဆိုတာနဲ့ အတင်းစွတ်ဆွဲတော့တာပါ။ နောက်ဆုံး ရဲစခန်းမှာ ထွက်ဆိုချက်တွေပေးဖို့ အတင်းရိုက်နှက်နေလို့ ကြောက်ပြီး မခိုးဘဲ ခိုးပါတယ် ပြောခဲ့ရပါတယ်။ နောက်ဆုံးတော့ သမီးကို ရဲမေတစ်ဦးက နှစ်သိမ့်ပေးလို့ ဆေးစစ်ကြည့်တော့မှ သမီး ဘယ်ဘက်ပါးရိုးဟာ အရိုက်ခံရပါများလို့ ကျိုးနေပြီး ညာဘက်နားလေးသွားရပါတယ်။
မဇာလီဝင်း ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး လွတ်မြောက်သွားချိန်မှာတော့ ပန်ဒိုရာ အဆီချလုပ်ငန်းရဲ့ ကျန်ရှိနေတဲ့ ကျန်ဝန်ထမ်းကောင်မလေးတွေဟာလည်း အလားတူဖြစ်ရပ်မျိုးတွေနဲ့ ထွက်ပြေးလာခဲ့ကြပါတယ်။
ဇာလီကို ရိုက်နေတဲ့အချိန်တုန်းက ကျွန်မတို့က ကြောက်လို့ ဘေးထွက်နေတာပါ။ ဒါပေမဲ့ ကျွန်မတို့ကို အဲဒီပိုင်ရှင်အမျိုးသမီးက ရိုက်ခိုင်းတယ်။ ကျွန်မတို့ မရိုက်ရဲရင် ကျွန်မတို့ကို ပါး၁၀ချက်စီ ရိုက်မယ်ဆိုပြီး ပြောလို့ ကျွန်မတို့လည်း သူ့ကို ဝိုင်းရိုက်ခဲ့တာပါ။
“ကျွန်မတို့ကိုလည်း အဲဒီပိုင်ရှင် အမျိုးသမီးက တစ်ခါတစ်ခါ ရိုက်ရင် ပါးကို အချက် ၂၀၊ ၃၀လောက် ရိုက်တာပါ။ အစကတော့ ကြောက်လို့ ငြိမ်ခံခဲ့ပေမဲ့ ခုတော့ ကျွန်မတို့လည်း လွတ်အောင် ထွက်ပြေးလာခဲ့ကြတာပါ” ဟု မဇာလီနဲ့ လုပ်ဖော်ကိုင်ဖက် မပလောင်က ပြောတယ်။
ကျွန်မနေမကောင်းလို့ ခါးနာနေတယ်ဆိုတာကို ရေဗူးအကြီးတွေဘဲ သယ်ခိုင်းတယ်။ နောက်ပြီး ရေဗူးအကြီး ၄ ဗူးကို တစ်ခါတည်း သောက်ခိုင်းတာ ကျွန်မ မျက်လုံးတွေ တအားပြူးထွက်နေပါပြီ မပလောင်က ဆိုပါတယ်။
အသက်၁၉နှစ်သာရှိသေးတဲ့ မဟေသူဝင်းကိုလည်း သူခိုးစွပ်စွဲပြောဆိုကာ ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့သေးတယ်လို့ မဟေသူဝင်းက ပြောသေးတယ်။
ပန်ဒိုရာ အဆီချလုပ်ငန်းကနေ နှိပ်စက်ခံအမျိုးသမီးငယ် မဇာလီဝင်းကို ၂၀၁၅ဒီဇင်ဘာ စတင်ကယ်ထုတ်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က နှိပ်စက်ခံရမှု ကိစ္စမှာ အငြင်းပွားဖွယ်တွေနဲ့ အပြန်လှန် သတင်းစာရှင်းလင်းပွဲတွေ လုပ်ခဲ့တာပါ။
အခုချိန်မှာတော့ နောက်ထပ် အနှိပ်စက်ခံ အလုပ်သမတွေ ထပ်မံပေါ်ပေါ်လာခဲ့ပြီး ပန်ဒိုရာလုပ်ငန်းရှင်ကို တရားစွဲဆိုမှုတွေ လုပ်ကြမှာ ဖြစ်ပါတယ်။
ပန်ဒိုရာအဆီချလုပ်ငန်းက အနှိပ်စက်ခံ အလုပ်သမတွေကို ကယ်တင်ခဲ့တဲ့ မန္တလေးနိုင်ငံရေး အင်အားစု အဖွဲ့မှ ဒေါ်အမာနီကို ပန်ဒိုရာအဆီချလုပ်ငန်းရှင်က ၂၀၁၆ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ( ) နဲ့ တရားစွဲဆိုထားပါသေးတယ်။
ဒေါ်အမာနီဟာ ပန်ဒိုရာအဆီချလုပ်ငန်းက အနှိပ်စက်ခံနေတဲ့ မဇာလီဝင်းကို သူမအဖေနဲ့ သွားရောက် ကယ်တင်ထုတ်ခဲ့ရာကနေ နောက်ဆက်တွဲ အနှိပ်စက်ခံ အမျိုးသမီး ၇ဦးကိုပါ ကယ်တင်နိုင်ခဲ့ပါတယ်။
ကျန်နေတဲ့ အလုပ်သမားတွေကိုလည်း ဆက်လက်ကယ်တင်ဖို့အတွက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
မန္တလေးရဲနဲ့ ရှေ့နေတွေက လဘ်ပေးလာဘ်ယူတွေ ရှိနေပြီး ဒီကိစ္စကို ပန်ဒိုရာလုပ်ငန်းရှင်တွေဘက်ကနေ ကာကွယ်လုပ်ကိုင်ပေးနေပေမဲ့လည်း ဒေါ်အမာနီအနေနဲ့က သားသမီးချင်းကိုယ်ချင်းစာနာစိတ်ဆိုတဲ့ တခုတည်းအတွက်နဲ့ ဒီအလုပ်သမားတွေကို ကယ်တင်ခဲ့တာလို့ ဒေါ်အမာနီက ဆိုပါတယ်။
မန္တလေးမြို့တွင်း ပန်ဒိုရာအဆီချလုပ်ငန်းရှင်လင်မယား ခေတ်သစ်ကျွန်ပြု နှိပ်စက်နေတာတွေကို မြို့နယ်ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးတွေက သိပေမဲ့လည်း မျက်ကွယ်ပြုခဲ့တာကြောင့် မန္တလေးနိုင်ငံရေး အင်အားစု အဖွဲ့မှ ဒေါ်အမာနီ ခက်ခက်ခဲခဲ စနစ်တကျ ဖော်ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။
ပန်ဒိုရာ အဆီချ လုပ်ငန်းရှင် အမျိုးသားဟာ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောလှဌေး (ခေါ်) စောတာ ဖြစ်ပြီး အမျိုးသမီးဟာ မွန်စပ်တစ်ဦး ဖြစ်ကြောင်း ဒေါ်အမာနီက ပြောပါတယ်။
မန္တလေးမြို့ဟာ စီးပွားရေးလုပ်ငန်းမြို့တော်ဖြစ်နေပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသားလက်နက်ကိုင် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မျက်စိကျရာ ဗဟိုဌာနနေရာ ဖြစ်နေပြီး မှောင်ခိုလုပ်ငန်းတွေနဲ့ ပတ်သက်စပ်ဆက်လုပ်ကိုင်နေကြတာတွေ များနေတယ်လို့ သိရပါတယ်။
 
မန်းသားလေး
 

28 Sep 2016     1,305 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS